ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းပြီး မူးယစ်ဆေးရောင်းချနေသူများကိုပါ ဖမ်းဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီခန့် မဲတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကို ဇူလိုင်လ ၅ ရက်တွင် သွားရောက်ဖမ်းဆီးပြီး ခေါ်ဆောင်လာချိန် အော်ဟစ်ဆဲဆိုကာ ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဦးအောင်မြင့်ကို မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း၊ တနင်္သာရီမြို့နယ်ပကဖဇုန် ၆ နှင့် ဒေါင်းနက်အဖွဲ့တို့ က နေအိမ်တွင် သွားရောက်ဖမ်းဆီးရာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ယနေ့ ဇူလိုင်လ ၇ ရက်တွင် ထုတ်ပြန်သည်။
တော်လှန်ရေးအဖွဲ့များက ဆက်လက်ရှာဖွေရာ ဦးအောင်မြင့်ကို အပေါင်းအပါများနှင့်အတူတွေ့ရပြီး တုတ်ဓားများဖြင့် ပြန်လည်ခုခံသဖြင့် သေနတ်နှစ်ချက်ပစ်ဖောက်ပြီး ခြောက်လှန့်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါည ၁၀ နာရီခွဲခန့်တွင် စစ်သင်္ဘောတစ်စီးက တော်လှန်ရေးတပ်များရှိရာကို ပွိုင့်ဖိုက်စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ချီတက်လာချိန် ဦးအောင်မြင့်က အော်ဟစ်ဆဲဆိုပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဲဒီလို သတ်ဖို့စီစဉ်ထားတာမဟုတ်ပါဘူး။ သူ့ကိုစစ်ဆေးမေးမြန်း အရေးယူဖို့ ဖမ်းဆီးဖို့သွားတာပါ။ ထွက်ပြေးလို့ ရှင်းလိုက်တာပါ”ဟု မြိတ်ခရိုင်အမှတ် ၂တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်သတိပေးနေသည့်ကြားက မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ ကိုယ်တိုင်သုံးစွဲခြင်း၊ စစ်မှုထမ်းများ အဓမ္မခေါ်ဆောင်ခြင်း၊ စစ်မှုထမ်းများအတွက် ကျေးရွာအုပ်စုများတွင် ငွေကြေးကောက်ခံခြင်းများဆက်လက်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ဒေသခံအချို့၏အဆိုအရ ဇူလိုင်လ ၅ ရက် နံနက် ၄ နာရီခွဲဝန်းကျင်တွင် လက်နက်ကိုင် အင်အား ၅၀ ခန့် ရောက်ရှိလာပြီး ဦးအောင်မြင့်၏ ဇနီးအပါအဝင်မိသားစု ဝင် လေး ဦး၊ မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချသည်ဆိုသည့် ဒေသခံ ၁၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“သူတို့ လာဖမ်းကတည်းက စာရင်းနဲ့လာတာထင်တယ်။အုပ်ချုပ်ရေးမှူးကို အရင်လာဖမ်းတာ။ အုပ်ကြီးက သတင်းကြိုရလို့ ထွက်ပြေးသွားတယ်။ သူ(အုပ်ချုပ်ရေးမှူး)မရှိတော့ သူမိသားစုဝင်တွေကို ဖမ်းသွားတာ။ ကျန်တဲ့သူတွေက မြင်း (WY) ရောင်းတဲ့သူတွေ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အုပ်ချုပ်ရေးမှူးဦးအောင်မြင့်၏ ဇနီးဖြစ်သူ ဒေါ်ခင်မူနှင့် ၎င်း၏ သားတစ်ဦး၊ သမီးတစ်ဦး၊ သားမက်ဖြစ်သူတို့ကို လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဇူလိုင်လ ၅ ရက် ညတွင်ပင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က တိမ်းရှောင်နေသည့်နေရာမှ ထွက်လာစဉ် လက်နက်ကိုင်အဖွဲ့များက ရွာလမ်းတစ်နေရာတွင်ဖမ်းဆီးပြီး ချောင်းကြီးဝကျေးရွာသို့ဖမ်းခေါ်သွားကာ ပစ်သတ်လိုက်ကြောင်း ဒေသခံအခြားတစ်ဦးက ပြောသည်။
ထို့အပြင် အုပ်ချုပ်ရေးမှူး၏မိသားစုဝင်များနှင့် မှုးယစ်ဆေးဝါးရောင်းဝယ်သူဆိုသူ ၁၀ ဦးခန့်ကို ဖမ်းခေါ်သွားကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဇူလိုင်လ ၆ ရက်နေ့တွင်မူ အုပ်ချုပ်ရေးမှူး၏ ဇနီးအပါအဝင် မိသားစုဝင်များကို ပြန်လွှတ်လိုက်သော်လည်း မူးယစ်ဆေးရောင်းချ နေသည်ဆိုသူများ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။
မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံကလည်း အုပ်ချုပ်ရေးမှူးမိသားစုဝင်များကို ပြန်လွှတ်လိုက်ပြီး မူးယစ်ဆေးရောင်းချနေသူအချို့ကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း ပြောဆိုသည်။
မူးယစ်ဆေးရောင်းချသည့်အတွက် ဖမ်းဆီးထားသူ ၁၀ ဦး မပြည့်ကြောင်းပြောဆိုပြီး အရေအတွက် အတိအကျကို ပြောဆိုခဲ့ခြင်းမရှိပေ။
“သူတို့ကိုလည်း တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ အပြစ်ပေးအရေးယူဖို့ ထိန်းသိမ်းထားပါတယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ဦးအောင်မြင့်သည် အာဏာမသိမ်းမီကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူလာသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။