BREAKING
June 7, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

June 7, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန် ၁ ရက်မှ ၇ ရက်အထိ

စစ်ကောင်စီကို အရေးယူဖို့ ILO ဆုံးဖြတ်

အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီကို ပုဒ်မ ၃၃ အရ အရေးယူဖို့ အပြည်အပြည်ဆိုင်ရာအလုပ်သားရေးရာအဖွဲ့ချုပ် (ILO) က ဇွန်လ ၅ရက်မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

၁၁၃ကြိမ်မြောက် ILO ညီလာခံမှာ အခုလိုအရေးယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပုဒ်မ ၃၃နဲ့ အရေးယူမှာကို ရုရှား၊ တရုတ်၊ ဘီလာရုစ်နဲ့ လာအိုတွေက ကန့်ကွက်ခဲ့ကြပါတယ်။ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်း ချက် ၈၇ နဲ့ အဓမ္မလုပ်အားခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် ၂၉ စတဲ့ ILO ရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာကြောင့် အခုလို ဆုံးဖြတ် ချက်ချခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက အလုပ်သမားထုအပေါ် ဖိနှိပ်မှုတွေ ဆက်မလုပ်နိုင်အောင် နိုင်ငံတကာအစိုးရတွေ၊ လုပ်ငန်းရှင်တွေက ပြန်လည်သုံးသပ်လုပ်ဆောင်ကြဖို့၊ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို ဖြတ်တောက်ဖို့ ချမှတ်တာလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ အရေးယူမှုတွေက ဘယ်လို ဖြစ်လာမယ် ဘယ်လောက်အထိ သက်ရောက်မှုရှိမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့ အောင်ပွဲဖြစ်ပြီး ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာ့အလယ်မှာ ပြသနိုင်ခဲ့တာလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကို အထိနာစေမယ်လို့လည်း ဆိုထားပါတယ်။

အခြားတစ်ဖက်မှာလည်း ပြင်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ပြန်လည်ထွက်သွားတာတွေ ရှိလာနိုင်သလို စက်ရုံလုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ အခက်အခဲတွေ ကြုံလာနိုင်တာကြောင့် အလုပ်လက်မဲ့တွေ တိုးလာတာ၊ ကုန်စျေးနှုန်းတွေ မြင့်တက်တာတွေ ဖြစ်လာနိုင်တယ်လို့လည်း ထောက်ပြမှုတွေ ရှိပါတယ်။

စစ်ကောင်စီကတော့ ILO ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးဖို့လုပ်တာဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမား၊ စီးပွားရေးလုပ်ငန်းတွေကို သက်ရောက်မှု မရှိနိုင်တာကြောင့် စိုးရိမ်စရာမလိုဘူးလို့ ထုတ်ပြန်ထားပါတယ်။

ILO ဟာ ပုဒ်မ ၃၃ အရ ဆုံးဖြတ်ချက်ချ အရေးယူမှုကို နှစ်ပေါင်း တစ်ရာကျော်မှာ သုံးကြိမ်ပဲ ပြုလုပ်ဖူးပါတယ်။ အဲဒီထဲက နှစ်ကြိမ်က မြန်မာနိုင်ငံကို ချမှတ်တာဖြစ်ပါတယ်။ ILO က ပထမအကြိမ် ချမှတ်တာကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေလက်ထက် ၂၀၀၀ ပြည့်နှစ်မှာ မြန်မာကို ချမှတ်တာဖြစ်ပြီး ဒုတိယအကြိမ်ကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကြာခဏသွားရောက်လေ့ရှိတဲ့ ဘီလာရုစ်နိုင်ငံကို ၂၀၂၃ ခုနှစ်က ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

……………………………………..

လုံခြုံရေးစိုးရိမ်ချက်နဲ့ လိုင်စင်မဲ့ယာဉ် အဖမ်းအဆီးကြမ်း

Photo – MOI

အခွန်ငွေတွေ နစ်နာဆုံးရှုံးနေတယ်၊ လုံခြုံရေးစိုးရိမ်ရတယ်ဆိုပြီး စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ လိုင်စင်မဲ့ယာဉ်တွေကို ပိတ်စိပ်တိုက် ဖမ်းဆီးနေပြီး ပိုင်ရှင်တွေကိုလည်း အရေးယူနေပါတယ်။

မေလ ၂၀ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးတစ်ရပ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးဖို့ ပြောဆိုခဲ့ပြီးနောက် မေလ ၃၀ ရက်ဝန်းကျင်ကနေ နိုင်ငံအနှံ့ ဖမ်းဆီးနေတာဖြစ်ပါတယ်။

အဲဒီလိုဖမ်းဆီးရာမှာ ပရဟိတအဖွဲ့တွေ၊ ရဟန်းသံဃာတွေ စီးနင်းတဲ့ယာဉ်တွေကိုပါ ဖမ်းဆီးနေပြီး ပရဟိတလုပ်ငန်းတချို့ လုပ်ငန်းရပ်ထားကြတယ်လို့ ပြည်တွင်းသတင်းတချို့မှာဖော်ပြပါတယ်။ လိုင်စင်မဲ့ယာဉ်တွေကို လမ်းတွေမှာ ဖမ်းဆီးတာ အပြင် ဆိုင်ကယ်အရောင်းဆိုင်တွေကို ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။ မွန်ပြည်နယ်မှာဆိုရင် ရဟန်းတွေ၊ သီလရှင်တွေ လိုင်စင်မဲ့ယာဉ်တွေကို မစီးနင်းဖို့၊ ကျောင်းဝန်းအတွင်းမှာ လက်မခံထားကြဖို့ အမိန့်စာထုတ်ထားပါတယ်။ 

စစ်ကောင်စီကို တော်လှန်ရေးအဖွဲ့တွေက ဆိုင်ကယ်စီးနင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ပြီးနောက်မှာ ဆိုင်ကယ်တစ်စီး တည်း အမျိုးသားနှစ်ဦးအတူ မစီးဖို့ ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ အခုလည်း လိုင်စင်မဲ့ယာဉ်တွေကို အသုံးချပြီး တော်လှန်ရေး အဖွဲ့တွေ တိုက်ခိုက်မှုတွေလုပ်ဆောင်မှာကို စိုးရိမ်လို့ အခုလို ဖမ်းဆီးနေတာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတဲ့ အဖွဲ့တွေက လိုင်စင်မဲ့ယာဉ်တွေ အသုံးပြုနေလို့ ဝေဖန်ခံရမှုတွေ ရှိနေသလို အခုစီမံချက်ဟာ ပြည်သူတွေဆီကနေ ငွေညှစ်နိုင်ဖို့ အခွင့်အရေးပေးတာလို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………..

ထိုင်း-မြန်မာနယ်စပ်က အရေးပါတဲ့ သေဘောဘိုးစခန်းကို KNU သိမ်းယူ

Photo – KNU

မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်က အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ သေဘောဘိုးစခန်းကို ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူလိုက်ပါတယ်။

မြန်မာစစ်တပ် ၂၈နှစ်ကြာ တပ်စွဲထားခဲ့တဲ့ သေဘောဘိုးစခန်းကို ဇွန်လ ၃ရက်မှာ သိမ်းယူနိုင်ခဲ့တာလို့ KNU ဆိုပါတယ်။ ဒီစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ အသည်းအသန်ခုခံခဲ့သလို စစ်ကူစစ်ကြောင်းတွေ လွှတ်ခဲ့ပေမယ့် လက် လွှတ်ခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် လက်နက်ချခဲ့တယ်လို့လည်း သတင်းတချို့မှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNU က ဆက်တိုက်သိမ်းယူနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လည်း မြဝတီမြို့တောင်ဘက်က နယ်စပ်စခန်းငါးခုကို သိမ်းယူခဲ့သလို အဓိကအရေးပါတဲ့ ဝေါလေဗျူဟာ ဥကရစ်ထစခန်း တွေကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။ 

……………………………………..

ကချင်က မြို့နယ်တချို့မှာ ရေဘေးသင့်

ပုံစာ – ချီဖွေမြို့နယ်တွင် ယခုသီတင်းပတ်အတွင်း ရေကြီးနေစဉ်။ Photo – Johnwu LumJhid

ကချင်က မြို့နယ်တချို့မှာ ရေကြီးလို့ လူထောင်နဲ့ချီ ရေဘေးသင့်တယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

တရုတ်-မြန်မာနယ်စပ် ချီဖွေမြို့နယ်၊ ပြည်နယ်မြို့တော် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ပူတာအိုမြို့နယ်တွေမှာ မြို့ပေါ် ရပ်ကွက် တချို့နဲ့ ကျေးရွာတချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတက်လာတာကြောင့် ရေဘေးသင့်ခဲ့တာဖြစ်ပါတယ်။ ချီဖွေမြို့နယ်မှာဆိုရင် စစ်ဘေးရှောင် စခန်းတချို့ ရေကြီးတာကြောင့် စစ်ဘေးရှောင်တွေဟာ ရေဘေးဒဏ်ပါ ဒဏ်မံ ခံစားကြရပါတယ်။

မိုးဇလရဲ့ ညွှန်ကြားရေးမှူး ဦးလှထွန်းကတော့ ရေကြီးတာတွေဟာ မြစ်ကြမ်းပြင် တိမ်ကောလာတာကြောင့် ရေလက်ခံနိုင်စွမ်း နည်းလာလို့ ဖြစ်တယ်လို့ ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်မှာ ပြောဆိုထားပါတယ်။ ကချင်မှာတော့ ရွှေ၊ မြေရှားသတ္တုအပါအဝင် သတ္တုတူးဖော်မှုတွေကြောင့် မြစ်တွေကောလာတယ်လို့လည်းထောက်ပြမှုတွေ ရှိနေပါတယ်။

……………………………………..

ငလျင်ကြောင့် နိုင်ကျဉ်းတွေ သေဆုံးမှု စစ်ကောင်စီဖုံးကွယ်ထားတယ်လို့ PPNM ပြော

ငလျင်ဘေးကြောင့် မန္တလေး အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသား အများစုအပါအဝင် အကျဉ်းသား ၇၀ ကျော်သေဆုံးမှုကို စစ်ကောင်စီက သတင်းအမှောင်ချ ဖုံးကွယ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဇွန်လ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

အိုးဘိုထောင်အတွင်း အဆောက်အအုံပြိုကျမှုမှာ သေဆုံးသူ ၇၀ ကျော်ရှိတဲ့အနက် အနည်းဆုံး ၄၉ ဦးဟာ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူတွေဖြစ်တယ်လို့ သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို စာရင်းနဲ့တကွ ဖော်ပြထားတာ တွေ့ရပါတယ်။

စစ်ကောင်စီက သတင်းအမှောင်ချဖုံးကွယ်ထားတဲ့အတွက် နိုင်ငံတကာအကူအညီနဲ့ ထောက်ပံ့မှုတွေ မလုပ်နိုင်ကြသလို မိသားစုတွေကလည်း ရက်လည်ဆွမ်းကျွေးတောင် မလုပ်ကြရသေးဘူးလို့ PPMN က ဆိုပါတယ်။

……………………………………..