BREAKING
June 7, 2025

မြိတ်တွင် ရှပ်(ဂုံး)ငုပ်သူ ခြောက်ဦးရေနစ်၊ သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံး

June 7, 2025

ပုံစာ - ရေနစ်မြုပ်သူများကို ဆေးရုံပို့ဆောင်လာစဥ် ။ ဓာတ်ပုံ - အောင်မင်္ဂလာ ကျန်းမာရေးအထောက်အကူပြုအသင်း ။

မြိတ်မြို့နယ် ၊ မြိတ်တောင်ကျေးရွာ ၊ အဆောင်ကောင်းကုမ္ပဏီ ပတ်ဝန်းကျင်ရှိ တံတားတစ်ခုအနီးတွင် ရေငုပ်၍ ရှပ်(ဂုံး) ရှာဖွေသူ ခြောက်ဦး ယနေ့ ဇွန်လ ၇ ရက် နေ့လယ်ပိုင်းတွင် ရေနစ်ကြောင်း ကူညီကယ်ဆယ်ရေး သွားရောက် လုပ်ဆောင်ပေးခဲ့ရသူများထံမှ သိရသည်။

ရေနစ်မြုပ်သူ ခြောက်ဦးအနက် မဇာဇာချိုနှင့် ၎င်း၏သားနှင့်သမီးဖြစ်သည့် မောင်သော်မူးခန့်၊ မဆောင်းသုန္ဒြေစံတို့သုံးဦး သည် ဆေးရုံအရောက်တွင် သေဆုံးကြောင်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် အောင်မင်္ဂလာကျန်းမာရေး အထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောသည် ။

နောက်ထပ် ရေနစ်မြုပ်ခဲ့သည့် အမျိုးသမီးနှစ်ဦးသည် မြိတ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ကျန်တစ်ဦးမှာမူ ပျောက်ဆုံးနေကြောင်း ၎င်းကဆိုသည်။

“ရှပ်သွားငုပ်ရင်း ရေနစ်သွားကြတာ။ အဲဒီအနီးအနားက လူတွေက ဆယ်ပေးပြီး တံတားအပေါ်မှာ တင်ပေးထားတယ်။ ကျွန်တော်တို့က နေ့လယ်တစ်နာရီလောက်သွားသယ်ပေးရတယ်။ ယောက်ျားတစ်ယောက်၊ မိန်းမလေးယောက် စုစုပေါင်း ငါးယောက် သယ်လာတယ် ။ သူတိုရှပ်ငုပ်လာတဲ့အုပ်စုက ခြောက်ယောက်မှာ တစ်ယောက် ပျောက်နေသေးတယ် ။ ပျောက်နေသူက ကျား၊ မ တော့ မသိရသေးဘူး ” ဟု ၎င်းက ပြောဆိုသည် ။

သေဆုံးသူသုံးဦးရုပ်အလောင်းကို ရာသက်ပန်နာရေးကူညီမှုအသင်းက မြိတ်မြို့ရှိ စစ်တပ်ဆေးရုံ ရင်ခွဲရုံသို့ စစ်ဆေးရန် ပို့ဆောင်ပေးခဲ့ကြောင်း မြိတ်မြိုခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည် ။

ပြီးခဲ့သည့် မေလ ၂၈ ရက် တစ်ရက်တည်းတွင်လည်း မြိတ်မြို့ အင်းလေးမြိုင်ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး မေလ ၂၃ ရက်ကလည်း ရေနံမြေရပ်ကွက်တွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြိတ်မြိုခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည် ။