BREAKING
November 2, 2025

စစ်ကောင်စီက တောင်ပျောက်တိုက်နယ်ကို လေယာဉ်ဖြင့်ဗုံးကြဲ၊ သားအဖနှစ်ဦးသေဆုံး

June 7, 2025

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ကျောက်အိုင်နှင့် မယ်ကဲကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ သားအဖနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံအချို့နှင့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံက သိရသည်။

ယနေ့(ဇွန် ၇) နေ့လယ် ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်အိုင်ရွာကို ဗုံးနှစ်လုံး၊ မယ်ကဲရွာကို ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

ကျောက်အိုင်ရွာ ဆီပင်ချောင်းဖျားရပ်ကွက်က နေအိမ်အနီးကို ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅၀ ကျော်အရွယ် ဦးသန်းအောင်နှင့် ၁၀ နှစ်အရွယ်သားဖြစ်သူသေဆုံးပြီး ဦးသန်းအောင် ဇနီးအပါအဝင် မိသားစုဝင် လေးဦးလည်းထိခိုက်ဒဏ်ရာရထားသည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အမဲလိုက်မုဆိုးကနေပြီးတင်နေတာတော့ ဆေးခန်းတွေဘာတွေရှိတယ်ဆိုပြီး သူတို့ယူဆတာဖြစ်မယ်၊ ဆေးခန်း(ဆိုပြီး)တည်နေရာနဲ့တကွ တင်ထားတာတွေလည်းရှိတယ်။ ပွိုင့်ပေးထားတာတွေ အဲ့ဒါကြောင့် ကြဲတာထင်တယ်” ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးသန်းအောင်နှင့် သားဖြစ်သူတို့မှာ ခန္ဓာကိုယ်အနှံ့ ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း၊ နေအိမ်လည်း ပြိုကျပျက်စီးသွားကြောင်း ဓာတ်ပုံမှတ်တမ်းများတွင်တွေ့ရသည်။

ဦးသန်းအောင်ဇနီးအပါအဝင် မိသားစုဝင်လေးဦး၏ ဒဏ်ရာရရှိမှု အခြေအနေကိုမူ မသိရသေးပေ။

လေယာဉ်အမျိုးအစားမှာ ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြစ်ပြီး ဗုံးအမျိုးအစားမှာ ပေါင် ၂၀၀ ဟုခန့်မှန်းရကြောင်း ဒေါင်းမင်းစစ်ဆင်ရေးတာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်ထောက်ခံသူ အမဲလိုက်မုဆိုး တယ်လီဂရမ်ချန်နယ်သည် စစ်ကောင်စီလော်ဘီချန်နယ်တစ်ခုဖြစ်ပြီး ဖမ်းဆီးမှု၊ ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ရန် ဒေသအခြေအနေများကို သတင်းပေးလှုံ့ဆော်နေသည့် ချန်နယ်တစ်ခုဖြစ်သည်။