ထားဝယ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ယမန့်နေ့ညတွင် ကလေးနှစ်ဦးထပ်မံသေဆုံးကြောင်း ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှသိရသည်။
သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသည့် ကလေးနှစ်ဦးမှာ ထားဝယ်မြို့ ၊ ဒေါင်းငူရပ်ကွက်တွင် နေထိုင်သည့် အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ထားဝယ်မြို့၊ မြို့သစ် ၅ လမ်းတွင် နေထိုင်သည့် လေးလသားအရွယ် ယောက်ျားလေးတို့ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
ကလေးငယ်နှစ်ဦးစလုံးမှာ ဇွန်လ ၆ ရက်ညတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနနှင့်နီးစပ်သူများက ဆိုသည်။
ထားဝယ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် ကလေးလူနာများ မြင့်တက်လျက်ရှိကြောင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။
“သွေးလွန်တုပ်ကွေးလူနာက တစ်ခန်းလုံးအပြည့်ပဲ။ တစ်ယောက် ဆေးရုံကဆင်းရင် နောက်တစ်ယောက် တက်လာလိုက်နဲ့ ကလေးကုသဆောင်မှာ ကုတင် လွတ်တာတောင်မရှိဘူး” ဟု ၎င်းက ပြောသည်။
ထားဝယ်မြို့တွင် မိုးရာသီစတင်သည့် မေလ တတိယပတ်ကစပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်တက်လျက်ရှိသည်။
ထားဝယ် ဆေးရုံကြီးတွင် မေလ ၂၀ ရက်မှ ဇွန်လ ၆ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသည့် ကလေး ငါးဦးအထိ ရှိလာပြီ ဖြစ်သည်။
ထားဝယ်ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် လသားအရွယ်မှစ၍ အသက် ၃၀ ကျော်အရွယ်ထိ ဆေးကုသမှု ခံယူနေရသည်ကို တွေရှိခဲ့ကြောင်း ယခု သီတင်းပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရသည့် ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။
မြိတ်မြို့တွင် ယခုနှစ် မေလ နှောင်းပိုင်း၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့သည်။