BREAKING
May 8, 2025

စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ရေဖြူ၊ နတ်ကြီးစင်ရွာသားများ နေရပ်စွန့်ထွက်ပြေး

May 7, 2025

ပုံစာ - နတ်ကြီးစင်အုပ်စုမှ စစ်ဘေးရှောင်များအား ယနေ့ မေလ ၇ ရက်တွင် တွေ့ရစဥ် ။ ဓာတ်ပုံ - ပေးပို့ ။

ဟိန္ဇဲပင်လယ်ဝ ရေပြင်တွင် ရောက်ရှိနေသော စစ်ကောင်စီ သင်္ဘောများက ယနေ့ မေလ ၇ ရက် နံနက်ပိုင်းတွင် ရေဖြူမြို့နယ် ၊ နတ်ကြီးစင်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခြင်းဖြစ်ပြီး နတ်ကြီးစင်ရွာ အနောက်ဘက် လယ်ကွင်းပြင်နှင့် ဘောလုံးကွင်းတို့တွင် လက်နက်ကြီးကျည်ဆန်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကဆိုသည်။

” စိန်ဘုံဘက်ကနေ နတ်ကြီးစင်ဘက်မှာ လာရှောင်နေတဲ့ ရွာသားတွေလည်း နေမရတော့ဘူး ။ ထပ်ပြီးရှောင်နေရတယ်။ လက်နက်ကြီးက တစ်ဖက်တည်း ပဲ ပစ်နေတာ ။ ရွာထဲမှာ သက်ကြီးပိုင်းလောက်ပဲ ကျန်ပြီ “ ဟု နတ်ကြီးစင်ဒေသခံတစ်ဦးကပြောသည် ။

ဧပြီလတတိယပတ်မှစ၍ ရေဖြူမြောက်ပိုင်းကျေးရွာများတွင် စစ်ရေးတင်းမာနေသဖြင့် စိန်ဘုံ ၊ ဘုရားသုံးဆူ ၊ ဆင်စွယ် ၊ ရေငံကြီး နှင့် ကျောက်တစ်လုံး စသည့် ရွာငါးရွာသည် ရွာလုံးကျွတ် စစ်ဘေးရှောင် နေရသည်မှာ လဝက်နီးပါးကြာလာပြီ ဖြစ်သည်။

ယခုတဖန် စစ်ကောင်စီ ၏ လက်နက်ကြီး အန္တရာယ်ကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်လာရသည့် ရွာများရှိသဖြင့် စစ်ဘေးရှောင်ဦးရေလည်း တိုးလာနေသည်ဟု ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည် ။

ယင်းအပြင် စစ်ဘေးရှောင်နေရသူများတွင် ငှက်ဖျားရောဂါ ဖြစ်သူလည်းများလာနေသဖြင့် ငှက်ဖျားစစ်ဆေးသည့်ကိရိယာ ၊ ဆေးဝါးများ နှင့် စားနပ်ရိက္ခာ များလိုအပ်နေကြောင်း ရေဖြူမြောက်ပိုင်းမှ စစ်ဘေးရှောင် များအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည် ။

” အများစုက ဆွေမျိုးသားချင်းတွေဆီကို ရှောင်တာများတယ် ။ မွန်ပြည်နယ်ဘက် ဝင်သွားသူတွေလည်းရှိတယ်။ ဘယ်မှလည်းသွားစရာမရှိသူတွေကို ကျွန်တော်တို့ စောင့်ရှောက်ပေးထားတယ် ။ ပထမစဖြစ်တုန်းက ငါးရာကျော်ကနေ တဖြည်းဖြည်း တိုးလာတာ အခု နောက်ဆုံး ခုနစ်ရာကျော်နေပြီ ” ဟု ၎င်းကပြောဆိုသည် ။

ရေဖြူမြို့နယ် မင်းသားအုပ်စုနှင့်နတ်ကြီးစင်အုပ်စု၌ ဧပြီလ ၂၀ ရက် ၊ မေလ ၁ ရက် နှင့် ၂ ရက်တို့တွင် စစ်ကောင်စီ နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ပစ်ခတ်မှု သုံးကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီ ဘက်က ရေကြောင်း ၊ ကုန်းကြောင်းဖြင့် စစ်အင်အားတိုးချဲ့ထားသဖြင့် ယခုလက်ရှိအထိ စစ်ရေးတင်းမာလျက်ရှိကြောင်းတော်လှန်အင်အားစုများထံမှသိရသည် ။