ထားဝယ်မြို့နယ်၊ ရှမ္မတွင်းရွာတွင် ယနေ့ မေလ ၇ ရက် နေ့လယ်ပိုင်း၌ စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ဆန် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ ကလေးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများကပြောသည် ။
ထားဝယ်မြို့ အဝင်အထွက် ဂိတ်တစ်ခုဖြစ်သည့် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် ယနေ့ နံနက်အစောပိုင်း၌ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ က ရှမ္မတွင်းရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
” ဆယ်ကျော်သက် ယောက်ျားလေး တစ်ယောက် ကကျည်စမှန်ပြီး သေသွားတယ် ။ နောက်ထပ် အသက် ဆယ်နှစ်အောက် မိန်းကလေးတစ်ယောက်လည်း ဒဏ်ရာရသေးတယ် ။ မနက်က ပစ်ခံရပြီးကတည်းက စပြီး ပေါက်တိုင်းဂိတ်က လက်နက်ကြီးတွေ လျှောက်ပစ်နေတာ “ ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည် ။
ယင်းအပြင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းတစ်ကြောင်းလည်း ကျောက်ရပ်ရွာကို ဖြတ်၍ ရှမ္မတွင်းရွာဘက်သို့ ဦးတည်သွားသည်ကို မြင်လိုက်ရကြောင်း မျက်မြင်တွေ့ရသည့် ကျောက်ရပ်ရွာသားများထံမှ သိရသည် ။
” စစ်တပ်ဝင်လာနေတာကတော့ကြားရတယ် ။ ပြေးတဲ့လူတွေလည်းပြေးနေပြီ ။ ကျောက်ရပ်နဲ့ ဝမော် နှစ်ရွာမှာက ယောက်ျား ခြောက်ယောက်လမ်းမှာ ဖမ်းခေါ်လာတယ် ။ တောနားရွာအထိ စစ်ကြောင်းရောက်ပြီးနောက်ပိုင်းမှာ မမြင်ရတော့ဘဲ ခြေရာပျောက်နေတယ် ။ အဲဒါမျိုးက ပိုစိတ်ပူရတယ်” ဟု ရှမ္မတွင်းအုပ်စုမှ ဒေသခံတစ်ဦး ကပြောဆိုသည် ။
ယနေ့ နံနက် တွင် ပစ်ခတ်မှုဖြစ်၍ စစ်ကောင်စီ က ပိတ်ထားသည့် ပေါက်တိုင်း တံတားဂိတ်အား နေ့လယ် ၂ နာရီခွဲတွင် ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း ကားသမားများထံမှသိရသည် ။