BREAKING
May 7, 2025

ခရီးတင်လေယာဉ် တာယာပွင့်ထွက်လွင့်စင်မီးလောင်မှု စုံစမ်းစစ်ဆေးနေကြောင်း MNA ထုတ်ပြန်

May 7, 2025

မြန်မာအမျိုးသားလေကြောင်းလိုင်းက Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်သို့ စတင်ထွက်ခွာရာတွင် လေယာဉ်၏ ဘရိတ်စနစ်ပှုပြင်းမှုကြောင့် ဘယ်ဘက်တာယာများ ပွင့်ထွက်လွင့်စင် မီးလောင်ခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းက ထုတ်ပြန်သည်။

ခရီးသည် ၁၄၃ ဦးလိုက်ပါလာသည့် အဆိုပါလေယာဉ်သည် မေလ ၆ရက် ညနေ ၄နာရီ ၄၅ မိနစ်ခန့်တွင် စတင်ထွက်ခွာပြီး ပျံတက်ရန် ပြုလုပ်နေစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ကျန်ရှိသည့် တာယာများဖြင့် လေယာဉ်ကို ပြေးလမ်း၏ မြောက်ဘက် ထိပ်တွင် ရပ်တန့်နိုင်ခဲ့ကြောင်း ဆိုသည်။

အဆိုပါ မတော်တဆ ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း မြန်မာအမျိုးသားလေကြောင်း (MNA) က အသိပေးထားသည်။

လေယာဉ်အမှုထမ်းများသည် လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းလည်း ဆိုသည်။

သို့သော် ခရီးသည်တစ်ဦးကမူ ညှော်နံ့ထွက်ချိန်မှသာ လေယာဉ်မီးလောင်သည်ကို သိရှိခဲ့ရပြီး လေယာဉ်မှူး ကိုယ်တိုင် လေယာဉ်မီးလောင်နေကြောင်း ပြောဆိုချိန်အထိ လေယာဉ် အရေးပေါ် တံခါးကို လေယာဉ် ဝန်ထမ်းများက မဖွင့်ပေးခဲ့ဘဲ လေယာဉ်မှာလည်း ဆက်လက် ပျံတက်ရန် ကြိုးပမ်းခဲ့သေးကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

လေကြောင်းလိုင်းကမူ လေယာဉ်မတော်တဆမှု ဖြစ်ရပ်နှင့် ပတ်သက်၍ ခရီးသွားများကို အနူးအညွတ်တောင်းပန်ကြောင်း ဖော်ပြထားသည်။ ခရီးသည်များကို အခြားလေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။