ပုလောမြို့ပေါ်ရှိ အရက်ဆိုင်တွင် ဝိုင်းဖွဲ့အရက်သောက်နေသော ပျူစောထီးများကို ပစ်ခတ်ရှင်းလင်းခဲ့ရာတွင် ပျူစောထီခေါင်းဆောင်နှစ်ဦးနှင့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများထံမှ သိရသည်။
ပုလောမြို့ အမှတ် ၂ ရပ်ကွက်ရှိ ဆန်းဝင်းအရက်ဆိုင်တွင် ထိုင်သောက်နေသော ပျူစောထီးများကို မတ်လ ၆ရက်နေ့ ညနေ ၅နာရီခွဲခန့်က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ဆိုသည်။
“တို၊ ပလ၊ သင်္ကန်းတောရွာက တိုက်ပွဲတွေမှာ ပြည်သူနေအိမ်တွေကို မီးရှို့တာကိုအဓိက လုပ်ခဲ့တဲ့သူတွေပါ။ စစ်ကောင်စီဘက်ကတော့ အခုထိတော့ ထူးထူးခြားခြားတုံ့ပြန်တာတော့ မရှိသေးဘူး”ဟု တာဝန်ခံရဲဘော်အာနိုးက ပြောသည်။
ပုလောကုန်းကျေးရွာ ပျူစောထီးခေါင်းဆောင် ဦးကုလားနီ၊ ပလမြို့ ပျူစောထီးခေါင်းဆောင် ဦးကျော်သူရနှင့် ပုလောမြို့ အမှတ် ၂ ရပ်ကွက်၏ ပျူစောထီး ကိုသန်းနိုင်တို့ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံနှင့် ဒေသခံအချို့က ဆိုသည်။
အဆိုပါပျူစောထီးသုံးဦးစလုံးက ပြည်သူများကို ခြိမ်းခြောက်ငွေညစ်ခြင်း၊ စစ်ဆေးရေးဂိတ်များနှင့် ညဘက်လမ်းထွက်သည့် လူငယ်များကို စစ်မှုထမ်းအတွက် ဖမ်းဆီးပေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း ပုလောဒေသခံအချို့က ပြောသည်။
“(ဦး)ကျော်သူရနဲ့ (ဦး)ကုလားနီကတော့ တော်တော်ဆိုးတာ။ သူတို့ကိုကြောက်လို့ ထွက်ပြေးနေရသူတွေအများကြီးပဲ။ စစ်မှုထမ်းအတွက်လည်း သူတို့ပဲလူလိုက်ဖမ်းပေးတယ်” ဟု ပုလောမြို့ခံတစ်ဦးက ဆိုသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းခြင်းကို မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်းက တပ်ဖွဲ့ဝင်များနှင့် မြိတ်ခရိုင် ပကဖ တပ်ဖွဲ့ဝင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ရဲဘော်အာနိုးက ဆိုသည်။
အထက်ပါ ပျူစောထီးသုံးဦးကို ပစ်ခတ်ရှင်းလင်းချိန်တွင် သေနတ်တစ်လက်နှင့် ကျည်ဆန်အချို့ သိမ်းဆည်းရရှိကြောင်း မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်းထံမှ သိရသည်။