ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ၏ ထီးခီးနယ်စပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များက ဧပြီလ ၂၁ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များထံက သိရသည်။
ဧပြီလ ၁၉ ရက်က ထီးခီးနယ်စပ်စခန်းနှင့် ၆ မိုင်ခန့်အကွာရှိ ထီးထဗျူဟာစခန်းကုန်းကို KNLA၊ KNDO နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူပြီးနောက် ဧပြီလ ၂၁ ရက်တွင် ထီးခီးနယ်စပ်စခန်းကိုပါ တစ်ဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
ယခုမေလဆန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် ထိုင်းဘက်ကို လက်နက်နှင့်အတူ ထွက်ပြေးသည်ဟု သတင်းရရှိကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစု၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောသည်။
“ထွက်ပြေးတဲ့သတင်းတွေတော့ ကြားရတယ်၊ ရဲတွေရော စစ်သားတွေရော ထွက်ပြေးတယ်ဆိုတာ ကြားရတယ်၊ နောက်ဆက်တွဲ သက်ဆိုင်ရာ နီးစပ်သူတွေကို မေးကြည့်တာ သေချာတာတစ်ခုကတော့ ထိုင်းအစိုးရက ထိန်းသိမ်းထားတာကျွန်တော်တို့သိတယ်ဗျ၊ လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးတဲ့ စစ်သားတွေ ရဲတွေကိုပေါ့ဗျာ” ဟု ကိုမင်းထက်က ဆိုသည်။
မေလ ၅ ရက်တွင် ထီးခီးနယ်စပ်စခန်းက ရဲတပ်ဖွဲ့ဝင် ၉ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော် ထိုင်းနိုင်ငံဘက်ကို လက်နက်နှင့်အတူ ထွက်ပြေးကြသည်ဟု KNU/KNLA စစ်ရေးသတင်းများကို ရေးသားဖော်ပြနေသည့် ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မေလ ၇ ရက်တွင် ဓာတ်ပုံမှတ်တမ်းနှင့်တကွ ရေးသားဖော်ပြထားသည်။

တိုက်ပွဲကာလတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဖိအားပေး ဗုံးကြဲတိုက်ခိုက်မှုများနေ့စဉ်နီးပါး လုပ်ဆောင်နေသဖြင့် ထီးခီးနယ်စပ်စခန်းနှင့် ဗောဓိဘက်က ဒေသခံပြည်သူများ ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များနှင့် ဒေသခံအချို့ထံက သိရသည်။
စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် တနင်္သာရီ-မောတောင်လမ်းနှင့် ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး ရေဖြူမြို့နယ်က ရေနက်ဆိပ်ကမ်းနယ်မြေကိုလည်း အင်အားရာချီသုံး စစ်ကြောင်းထိုးနေသည်။
တနင်္သာရီတိုင်းတွင် ရေဖြူ၊ ရေနက်ဆိပ်ကမ်း၊ ကံပေါက်၊ လောင်းလုံး၊ ထားဝယ်အရှေ့တော၊ ထီးခီး၊ သရက်ချောင်း၊ ပုလော၊ ပလောက်၊ တနင်္သာရီ၊ မြိတ်၊ ကျွန်းစု၊ ဘုတ်ပြင်းအထိ စစ်ကောင်စီက စစ်မျက်နှာအားလုံး ဖွင့်ထားရပြီး ထိုနေရာများတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်။