ထားဝယ်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည့် ပေါက်တိုင်းတံတားဂိတ် ယနေ့ မေလ ၇ ရက် နံနက်အစောပိုင်းတွင် တော်လှန်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများနှင့် ပိတ်မိနေသည့် ကားသမားများက ပြောသည်။
မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ အဆိုပါဂိတ်တွင် နံနက် ၆နာရီဝန်းကျင်မှ ၇ နာရီဝန်းကျင်အထိ တစ်နာရီနီးပါးကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်သံနှင့် လက်နက်ကြီးပစ်ခတ်သံများကြားရကြောင်း တံတားအနီးရှိ ကျောက်ရပ်ရွာတစ်ဦးက ပြောသည်။

“၆ နာရီထိုးဖို့ ၅ မိနစ်အလိုမှာ စပစ်တယ်။ အသံက ဆက်တိုက်ကြားလိုက် စဲသွားလိုက်နဲ့ ၇ နာရီထိုးဖို့ ၁၅ မိနစ်အလိုမှ ပစ်သံ လုံးဝစဲသွားတယ်။ လက်နက်ကြီးအသံလည်း တော်တော်ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။
ယင်းအပြင် ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း ကျောက်ရပ်ကျေးရွာအုပ်စုအနီးရှိ ရှမ္မတွင်းကျေးရွာအုပ်စုဘက်တွင်လည်း စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ်ဟု ယူဆရသည့် လေယာဥ်တစ်စင်း ပျံဝဲခဲ့သည်ကို မြင်လိုက်ရကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများက ဆိုသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက ပေါက်တိုင်းတံတားအား မြို့အဝင်အထွက် နှစ်ခြမ်းစလုံးကို ဖြတ်သန်းခွင့်မပြုသေးဘဲ ပိတ်ထားကြောင်း ပိတ်မိနေသည့် ကားသမားများက ယနေ့ နံနက် ၈ နာရီခွဲတွင် ပြောသည်။
အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လာရောက်ပြုလုပ်ခဲ့သည်နှင့် ထိခိုက်မှု အခြေအနေကိုမူ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
ယခု မေလဆန်းတွင် ပေါက်တိုင်းတံတားဂိတ်တွင် စစ်ကောင်စီဘက်က အရာရှိ အပြောင်းအလဲ ပြုလုပ်ထားပြီး စစ်ဆေးတင်းကျပ်မှုလည်း ပိုမိုပြုလုပ်နေကြောင်း တံတားအားဖြတ်သန်းအသုံးပြုနေကြသည့် ခရီးသွားများထံမှ သိရသည်။