BREAKING
May 7, 2025

သိန်ခွန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး KNU တပ်မဟာ၄ ထံလက်နက်နှင့်အတူ ခိုလှုံ

May 7, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းကျေးရွာဝန်းကျင်တွင် ငါးလနီးပါးအကြာ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးက လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

ယမန်နှစ် ဒီဇင်ဘာလ ၁၈ ရက်မှ ယနေ့အထိ သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယင်းကာလအတွင်း စစ်ကောင်စီတပ်သား ၁၂ဦး လက်နက်နှင့်အတူ ခိုလှုံလာခြင်းဖြစ်ကြောင်း KNLA တပ်ရင်း ၁၁ ၏ တပ်စိတ်မှူး ကိုချစ်က ပြောသည်။

စစ်ကောင်စီ၏ ခမရ ၄၃၁ တပ်ရင်းက စစ်ကောင်စီတပ်သား ၃ ဦး၊ ခမရ ၂၈၀ က ၃ ဦးနှင့် ခလရ ၁၇ က ၆ ဦးက MA-1 သေနတ်၉လက်၊ MA-2 သေနတ်၂ လက်အပါအဝင် လက်ပစ်ဗုံး၆လုံးဖြင့် တပ်မဟာ ၄လက်အောက်ခံ KNLA တပ်ရင်း ၁၁ ထံ ခိုလုံလာကြောင်း ၎င်းကဆိုသည်။

”ဝင်လာတဲ့ တပ်သားအများစုက ထိုင်းကနေ ကော့သောင်းပြန်ပို့ခံရပြီး တပ်သားစုဆောင်းခံရသူတွေဖြစ်တယ်။ ကမ်းနားမှာ ဂစ်တာတီးနေချိန် ပေါ်တာဆွဲခံရသူလည်းပါတယ်” ဟု KNLA တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ငါးလနီးပါးကြာနေသည့် သိန်ခွန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခလရ ၁၀၃ တပ်ရင်း တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် ထိခိုက်သေဆုံးသူ ၁၅၀ ခန့်ရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါပြောဆိုချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဘက်ပြောင်းခိုလှုံလာသူတစ်ဦးလျှင် ကျပ်သိန်းငါးဆယ်စီးထောက်ပံ့ပေးခဲ့ကြောင်း အထက်ပါတပ်ရင်း၏ တပ်ဖွဲ့ဝင်များထံမှ သိရသည်။