ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသမှ အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ နေရာ ၉ နေရာကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်လက ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပြီး အဏုမြူလက်နက်ပိုင် အိမ်နီးချင်းနိုင်ငံနှစ်ခုအကြား တင်းမာမှုမြင့်တက်နေချိန် အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုသည် ၂၀၁၉ နောက်ပိုင်း အိန္ဒိယဘက်မှ ပါကစ္စတန်နိုင်ငံထဲသို့ အပြင်းထန်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။
“ဆင်ဒူးစစ်ဆင်ရေး”ဟု အမည်ပေးထားသည့် အဆိုပါ တိုက်ခိုက်မှုကို အသေအချာပြင်ဆင်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ကြောင်း၊ ပါကစ္စတန်စစ်တပ်ကို ပစ်မှတ်ထားခြင်း မရှိကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်က ဆိုသည်။
“ဒီလို အင်မတန် ယုတ်မာတဲ့ ရန်စမှုကို လျစ်လျူရှုထားမှာ မဟုတ်ပါဘူး”ဟု ပါကစ္စတန်စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဗလီနှစ်လုံးအပါအဝင် နေရာငါးခုတွင် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပါကစ္စတန်ဘက်က ဆိုသည်။
ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုမှာ အိန္ဒိယက ၎င်း၏ လေပိုင်နက်ထဲမှတစ်ဆင့် တိုက်ခိုက်ခဲ့သည့် ရှက်စဖွယ် သူရဲဘောကြောင်သည့် လုပ်ရပ်ဟု ပါကစ္စတန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။
ပါကစ္စတန်ဘက်မှလည်း သင့်တော်သည့်အချိန်တွင် သင့်တော်သလို လက်တုံ့ပြန်သွားမည်ဟု ၎င်းက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အပြီးတွင် ပါကစ္စတန်လေတပ်မှ တိုက်လေယာဉ်များကိုလည်း ပျံတက်စေခဲ့ပြီး အသင့်ပြင်ထားသည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လတွင် အိန္ဒိယအုပ်ချုပ်သည့် ဂျမူးနှင့်ကက်ရှ်မီးယားဒေသမှ အပန်းဖြေစခန်းတစ်ခုတွင် လာရောက်နားနေသူများကို သေနတ်သမားများက ပစ်ခတ်ခဲ့မှုကြောင့် ဟိန္ဒူအများစုပါဝင်သည့် ခရီးသွား ၂၆ ဦး သေဆုံးခဲ့ရသည်။
ယင်းအကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်အစိုးရက ထောက်ခံအားပေးနေသည့် အကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယအစိုးရက စွပ်စွဲခဲ့သည်။
ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုပြီးနောက်တွင် အိန္ဒိယစစ်တပ်က ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “တရားမျှတမှုရအောင် ဆောင်ရွက်ပြီးပြီ”ဟု ရေးသားခဲ့သည်။
Source: CNN၊ Reuters