BREAKING
May 6, 2025

စစ်ကောင်စီတပ် ပြည်ကြီးမဏ္ဍိုင်မြို့ဘက်သို့ လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်နေသဖြင့် ကားလမ်းပိတ်

May 7, 2025

ဘုတ်ပြင်းမြို့နယ် လေညာရွာရှိ စစ်ကောင်စီတပ်က ပြည်ကြီးမဏ္ဍိုင်မြို့ဘက်သို့ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေသဖြင့် ပြည်ထောင်စုလမ်းပေါ်တွင် ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်း၍မရဘဲ ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မေလ ၆ရက် နံနက် ၁၀ နာရီဝန်းကျင်ကစပြီး လေညာရွာရှိ စစ်ကောင်စီတပ်က ပြည်ကြီးမဏ္ဍိုင်မြို့ဘက်သို့ ပစ်ခတ်နေခြင်းဖြစ်ပြီး ခရီးသွားကား ဆယ်နှင့်ချီပိတ်မိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ လေညာစစ်တပ်ဘက်ကပဲ မဏ္ဍိုင် (မြို့) ဘက်ကမ်းကို ပစ်နေတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ထဲသို့ PDF များဝင်လာသည်ဟု သတင်းထွက်သဖြင့် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ခရီးသွားကားများမှာ လက်နက်ကြီးပေါက်ကွဲသံကြောင့် ရှေ့ဆက် မသွားရဲကြတော့ဘဲ နီးစပ်ရာနေရာတွင်ပင် ရပ်နားထားကြကြောင်း အထက်ပါဒေသခံက ဆိုသည်။

ထိုသို့ပစ်ခတ်နေသဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့နေသူအားလုံးနီးပါး တိမ်းရှောင်နေကြကြောင်း အထက်ပါအမျိုးသားက ပြောသည်။

ညနေ ၄ နာရီဝန်းကျင်အထိ လက်နက်ကြီးပစ်ခတ်နေဆဲဖြစ်ပြီး ဒေသခံအားလုံးနီးပါးက တိမ်းရှောင်နေရသည့်အတွက် လူနှင့် နေအိမ်ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း မြို့ခံအချို့က ဆိုသည်။

“ကားတွေအားလုံး လမ်းမှာညအိပ်ကြရမယ်ထင်တယ်။ ဒီနေ့ဆို လက်နက်ကြီးတွေဆက်တိုက်ပစ်နေတာ တော်တော်ကြာတယ်” ဟု လေညာကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၂၇ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က မဏ္ဍိုင်မြို့ဘက်ကမ်းကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ၁၀ တန်းကျောင်းသူတစ်ဦး ဒဏ်ရာရခဲ့သည်။

မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းတွင်လည်း သရက်ချောင်းမြို့နယ်ရှိ ဝင်းဝရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သည့် ဧပြီလ ၁၈ ရက်ကစပြီး အဆိုပါလမ်းပိုင်းကို ဖြတ်သန်းသွားလာ၍မရတော့ပေ။