ထိုင်းနိုင်ငံ ဖူးခက်ကျွန်းရဲ့ ခန်းမဆောင်တစ်ခုထဲမှာ မြန်မာ့တေးသံငြိမ့်ငြိမ့်လေး လေထုထဲ လွင့်ပျံနေပါတယ်။
“တူနှစ်ဖြာ.. ရွှေဂဟေ.. ဆက်ဖို့.. သွေမပျက်မေတ္တာ.. ရေစက်ရဲ့ ရှေးအလာ..”
ဂါဝန်အဖြူဝတ် ထားဝယ်သူ သတို့သမီးလေးက ဘယ်လက်မှာ အဖြူရောင်ပန်းစည်းကိုင်ပြီး ညာလက်ကတော့ သတို့သားလက်ကို ချိတ်ထားပါတယ်။ အုန်းခွံရောင် အနောက်တိုင်းဝတ်စုံဝတ် ထားဝယ်သား သတို့သားလေးက ရှက်ပြုံးနုနုနဲ့ ရှေ့က ဦးဆောင်ပြီး မင်္ဂလာပွဲရောက် ဧည့်သည်တွေကို လိုက်လံဧည့်ခံနေကြချိန်ကတော့ ညနေ ၆ နာရီကျော်ပြီး ခန်းမထဲ မီးလုံးတွေ စတင်လင်းလက်နေပါပြီ။
ဖူးခက်မြို့ရောက် ထားဝယ်သူထားဝယ်သားတွေကလည်း သစ်လွင်တဲ့ အဝတ်အစားတွေနဲ့ ခန်းမထဲ တဖွဲဖွဲ ဝင်ရောက်လာနေကြလေရဲ့။ ဖူးခက်မြို့က မင်္ဂလာခန်းမထဲ ရောက်လာသူ အားလုံးနီးပါးဟာ ရွှေ့ပြောင်းအလုပ်သမားတွေပါ။ အချို့ဆိုရင် လုပ်ငန်းခွင်ဝတ် ယူနီဖောင်းတွေနဲ့ ပွဲတက်လာကြပါတယ်။ သူတို့တွေက လုပ်ငန်းခွင်သိမ်းပြီးပြီးချင်း အိမ်ခန်းတွေဆီပြန်ဖို့နဲ့ အဝတ်အစားလဲလှယ်ဝတ်ဆင်ဖို့ အချိန်မလောက်ငှနိုင်တဲ့အတွက် ယူနီဖောင်းတွေနဲ့ပဲ ကြွရောက်ခဲ့ရတဲ့သူတွေပါ။
“ရှေးရေစက်… အကြောင်းဖက် ဖန်လာ… ရွှေပဒေသာ.. ငွေပဒေသာ… ဝေဝေဆာဆာ စွေရွာဖြိုး…”
မင်္ဂလာတေးသံနဲ့အတူ ကြွကြွရွရွလေးသော ခြေလှမ်းတို့နဲ့ လိုက်လံဧည့်ခံနေတဲ့ မင်္ဂလာစုံတွဲကို ပွဲတက်သူတို့ ငေးကြည့်နေကြပါတယ်။ အထူးသဖြင့် မင်္ဂလာမောင်နှံရဲ့ မိတ်ဆွေ အမျိုးသားငယ်၊ အမျိုးသမီးငယ်လေးတွေက စိုဝင်းတဲ့ မျက်လုံးလေးတွေနဲ့ ငေးကြည့်နေကြတာပါ။ သူတို့ရှေ့မှာ ချခင်းဧည့်ခံထားတဲ့ အစားအသောက်က တစ်ဦးကို ဘတ် ၃၅၀ (မြန်မာငွေ ၁၃,၀၀၀ ခန့်) နှုန်း ပေးချေရပါတယ်။ ဒီလူငယ်လေးတွေဟာ သူတို့ရှေ့စားပွဲပေါ်မှာ ချထားတဲ့ ကြက်သားဟင်း၊ ဝက်သားဟင်း၊ ပင်လယ်စာတုံယမ်းဟင်းချို စတဲ့ စားသောက်ဖွယ်ရာတွေထက် မင်္ဂလာမောင်မယ်ကိုသာ ပိုစိုက်ငေးနေကြတာပါ။
ဒီမင်္ဂလာပွဲတစ်ပွဲ ဖြစ်လာဖို့အတွက် မင်္ဂလာမောင်မယ်ဟာ ငွေကြေးကို နှစ်ချီစုဆောင်းခဲ့ကြရတာပါ။
“ဘတ် ၃ သိန်းလောက် လက်ထဲရှိမှ မင်္ဂလာဆောင်ဖို့ စစီစဉ်ရဲခဲ့တာပါ” လို့ သတို့သားက ပြောပါတယ်။
ဘတ် ၃ သိန်းဆိုတာ မြန်မာငွေ သိန်း ၄၀၀ ဝန်းကျင်ပါ။ အမှန်က ဒီမင်္ဂလာပွဲကို သူတို့မွေးရပ် ထားဝယ်မြို့မှာ ကျင်းပဖို့ လျာထားခဲ့ကြတာပါ။ ထားဝယ်မှာဆိုရင် နှစ်ဖက်ဆွေမျိုးနဲ့ မိတ်ဆွေအသိုင်းအဝိုင်းတွေ ပိုမိုစုံလင်တက်ရောက်နိုင်မှာ သေချာလို့ပါ။
“စစ်တပ်က ပေါ်တာဆွဲခံရမှာ ကြောက်လို့ ကျွန်တော်တို့ မပြန်ရဲကြလို့ ဒီမှာပဲ လုပ်လိုက်ရတာ” လို့ သတို့သားက ဆိုပါတယ်။ သူတို့မိဘတွေကို ထားဝယ်ကနေ ဖူးခက်ခေါ်ရတာလည်း အသွားအပြန်စရိတ် သိန်းဆယ်ချီ ကုန်ကျပါတယ်။ မြန်မာပြည်က လူတစ်ယောက် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကျွန်းကို အသွားအပြန်လာဖို့ဆိုရင် နိုင်ငံကူးလက်မှတ်ကစ ရေတွက်ရင် မြန်မာငွေ သိန်း ၂၀ လောက် ကုန်ကျတာပါ။
“မင်္ဂလာပွဲဆိုတော့ အနည်းဆုံး နှစ်ဖက်မိဘပါမှ တင့်တယ်မှာမဟုတ်ဘူးလား၊ ဒီတော့ ခေါ်ရတာပေါ့ဗျာ” လို့ သတို့သားက ပြောပါတယ်။
ဖူးခက်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ မင်္ဂလာဆောင်ဖို့အတွက် အခင်းအကျင်းအားလုံးက ငွေတတ်နိုင်သလောက် အသင့်အနေအထားရှိပါတယ်။ မင်္ဂလာပွဲကို ကန်ထရိုက်တာသဘောမျိုး အစအဆုံး ဝန်ဆောင်မှုပေးတာကတော့ မြန်မာနိုင်ငံသား LGBT တွေပါပဲ။ LGBT တွေကိုသာ အပ်လိုက်တာနဲ့ မင်္ဂလာပွဲအကြို ဓာတ်ပုံရိုက်တဲ့ အဝတ်အစား၊ မိတ်ကပ်၊ ဓာတ်ပုံဆရာကအစ ခန်းမငှား၊ ဘိသိတ်ဆရာပင့်၊ မင်္ဂလာဆွမ်းကျွေးဖို့ ဘုန်းကြီးပင့်တာအလယ်၊ ညနေအကျွေးအမွေးကိစ္စအဆုံး သူတို့စီစဉ်သွားပါတယ်။ မင်္ဂလာမောင်နှံက သူတို့ဇာတ်ညွှန်းအတိုင်း လိုက်ကရုံပါပဲ။
မင်္ဂလာအကြို ဓာတ်ပုံရိုက်တာကိုတော့ မင်္ဂလာပွဲမကျင်းပမီ ၁၅ ရက်လောက် ကြိုပြီး ရိုက်ကြရပါတယ်။ ဖူးခက်ဟာ နဂိုကတည်းက ကမ်းခြေတွေပေါတဲ့ ခရီးသွားကျွန်းမြို့ဆိုတော့ ဓာတ်ပုံကို ကျွန်းရဲ့ အလှဆုံးကမ်းခြေတွေမှာ ပတ်ရိုက်ကြပါတယ်။
မင်္ဂလာဆောင်မယ့်ရက်မှာတော့ မင်္ဂလာမောင်နှံနဲ့ နှစ်ဖက်ဆွေမျိုးတွေဟာ မင်္ဂလာခန်းမကို နံနက်အာရုဏ်ဦး ၅ နာရီလောက်ကတည်းက သွားရောက်ရပါတယ်။ သူတို့ကို အလှပြင်ပေးဖို့အတွက် LGBT တွေက ခန်းမနားနေဆောင်ကို ကြိုရောက်နေကြပါပြီ။ နေ့လယ်မင်္ဂလာဆွမ်းအတွက် မြန်မာဆရာတော် ၃ ပါးကတော့ နံနက် ၉ နာရီခွဲလောက်မှာ ကြွလာကြပြီး မင်္ဂလာတရားတော်ကို တစ်နာရီလောက် ချီးမြှင့်ကြ၊ အလှူရေစက်ချကြပါတယ်။ ဆရာတော်တွေ ဆွမ်းဘုန်းပေးချိန်မှာတော့ မင်္ဂလာအခါပေး ဘိသိတ်ဆရာက နှစ်ဖက်ဆွေမျိုးတွေရှေ့မှာ ဘိသိတ်မြှောက်ပါတယ်။
ပြီးရင် လက်မှတ်ရေးထိုးတဲ့ ခန်းမဆောင်ကို သွားရောက်ပြီး လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးကြရပါတယ်။ လက်မှတ်ထိုးတဲ့ ခန်းမဆောင်ထဲ ဝင်လာတဲ့ မင်္ဂလာမောင်နှံကို လှပျိုဖြူနှစ်ဦးက ပန်းကြဲပြီး ကျန်ပရိသတ်က မတ်တတ်ရပ် ကြိုဆိုဩဘာပေးကြပါတယ်။ လက်မှတ်ထိုးတဲ့အချိန်မှာရော မှတ်တမ်းဓာတ်ပုံရိုက်တဲ့ အချိန်မှာရော ကင်မရာမီးပွင့်တွေက တဖြတ်ဖြတ်။ မင်္ဂလာဆွမ်းကျွေးနဲ့ လက်မှတ်ရေးထိုး အဘိသိတ်မြှောက် အခမ်းအနားကိုတော့ နှစ်ဖက်ဆွေမျိုးတွေပဲ တက်ရောက်ကျင်းပလေ့ ရှိပါတယ်။ ဒါပြီးရင်တော့ ဆွမ်းဝိုင်းက ထမင်းဟင်းနဲ့ အချိုပွဲကို LGBT အဖွဲ့စုနဲ့ လူရင်းတွေ ဝိုင်းစားကြတာပေါ့။
ဒါပြီးရင်တော့ နေ့လယ်နေ့ခင်းနားဖို့ ခန်းမပိုင်ရှင်ဘက်က စီစဉ်ပေးထားတဲ့နေရာမှာ ခဏနားပြီး ညနေပွဲအတွက် အားမွေးကြပေါ့လေ။ ခန်းမလုပ်သား မြန်မာရွှေ့ပြောင်းတွေကတော့ အနားမရကြပါဘူး။ ညနေပွဲအတွက် ဝိုင်းပြင်နေကြရပါတယ်။
“မြန်မာပြည် ပြန်ချင်ပေမယ့် မပြန်ရဲဘူးဗျာ၊ ရွာမှာလည်း တိုက်ပွဲတွေ ခဏခဏ ဖြစ်နေတယ် ကြားတာပဲ” လို့ ခန်းမလုပ်သားတစ်ဦးက အညာသံနဲ့ ပြောပါတယ်။ သူတို့ခန်းမက ရေကန်ကြီးတစ်ခုအနားမှာ အဆောင်ဆောင်အခန်းခန်းနဲ့ ကျယ်ကျယ်ဝန်းဝန်း ရှိလှပါတယ်။
ဖိတ်စာမှာရေးထားတဲ့ ညနေ ၆ နာရီမတိုင်ခင်ကတည်းက မင်္ဂလာမောင်နှံနဲ့ ဆွေမျိုးရင်းတွေက အလှပြင်အဝတ်လဲပြီး အသင့်ဖြစ်နေကြပါပြီ။ ဖိတ်ကြားထားသူတွေ စရောက်လာချိန်မှာတော့ ခန်းမဟာ တေးသံသာ ငြိမ့်လွင့်လွင့်။
“နတ်ရေးငယ်… ရွှေစာ.. သာသနာရောင်လင်း.. ကောင်းခြင်း.. ခု.. သည်ချိန်.. ခါ..”
သတို့သမီးနဲ့ သတို့သားတို့ မင်္ဂလာခန်းမထဲ ဝင်ရောက်လာတဲ့ ခြေလှမ်းတွေအောက်မှာ ကတ္တီပါကော်ဇောနဲ့ ပန်းတွေခင်းလို့။ သူတို့နောက်မှာ မိဘဆွေမျိုးတွေ ဝန်းရံခ။ ပွဲလာရွှေ့ပြောင်းလုပ်သားလူငယ်တို့က သူတို့ကို ငေးနေကြ။ ဒီလိုလျှောက်လှမ်းနိုင်ဖို့ တစ်နေ့ ဘတ် ၃၅၀ နဲ့ သူတို့နှစ်ချီ စုဆောင်းခဲ့ကြရ။ မင်္ဂလာပွဲပြီးသည်နှင့် သူတို့၏ ပျားရည်ဆန်းခရီးက ခွင့်ရက်ပြည့်ပြီးသား လုပ်ငန်းခွင်။
“မသွေယခု ပြုကြတဲ့.. မင်္ဂလာအခါ.. အောင်စေကြောင်း.. ဆုတောင်းသုဉ်း ပတ္ထနာ.. “
လင်းခ







