တနင်္သာရီတိုင်း စစ်ကော်မရှင်တွင် ဝန်ကြီးတာဝန်ယူခဲ့သူ ငါးဦး၊ စစ်အုပ်စု ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်သုံးဦးတို့ဖြင့် တိုင်းစစ်အစိုးရကို ဖွဲ့စည်းလိုက်သည်။
စစ်အုပ်စု၏ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးဇော်နိုင်ဦးကို ဧပြီလ ၆ရက်တွင် တိုင်းလွှတ်တော်က အတည်ပြုခန့်အပ်ပြီးနောက် ယနေ့ ဧပြီလ ၇ရက်တွင် ဝန်ကြီးများကို ဆက်လက် အတည်ပြုခန့်အပ်ခြင်းဖြစ်သည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးသိန်းဇော်မြင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးမောင်ကြီး၊ လူမှုရေးရာဝန်ကြီးအဖြစ် ဦးသက်နိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ဒေါက်တာဝင်းအောင်တို့ကို ခန့်အပ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် ဦးအောင်ကျော်ကျော်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးသိန်းလွင်၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဦးမင်းမင်းလတ်နှင့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် စောမာတင်လူသာတို့ကို ခန့်အပ်ခဲ့သည်။
ယင်းတို့အနက် ဗိုလ်မှူးကြီးသိန်းဇော်မြင့်၊ ဦးမောင်ကြီး၊ ဦးသက်နိုင်နှင့် စောမာတင်လူသာတို့မှာ တိုင်းစစ်ကော်မရှင်တွင် မူလဝန်ကြီးနေရာများအတိုင်း နေရာပြန်ရသည်ကို တွေ့ရသည်။
စည်ပင်ဝန်ကြီးဖြစ်လာသူ ဗိုလ်မှူးကြီးဟောင်း ဦမင်းမင်းလတ်မှာ တိုင်းစစ်ကော်မရှင်တွင် နယ်လုံ ဝန်ကြီးတာဝန်ရယူခဲ့သူ ဖြစ်သည်။ စစ်အုပ်စု ကျင်းပသည့်ရွေးကောက်ပွဲတွင် PR စနစ်ဖြင့် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့သူလည်း ဖြစ်သည်။
ကျန်သုံးဦးမှာ ကျွန်းစု၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်များမှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များဖြစ်ကြသည်။
ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်ခဲ့သူအချို့လည်း ယခု စစ်အစိုးရအဖွဲ့တွင် ပါဝင်လာသည်။
ယခု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဖြစ်လာသူ ဦးအောင်ကျော်ကျော်ဦးသည် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တိုင်းစည်ပင်သာယာရေးဝန်ကြီးဖြစ်ခဲ့သလို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဖြစ်လာသူ ဦးသိန်းလွင်သည်လည်း စီးပွားရေးနှင့် စီမံဝန်ကြီး ဖြစ်ခဲ့သူ ဖြစ်သည်။
ယင်းအပြင် စစ်အုပ်စု၏ တနင်္သာရီတိုင်းဥပဒေချုပ်အဖြစ် ဦးထိန်လင်းကျော်၊ စာရင်းစစ်ချုပ်အဖြစ် ဒေါ်ဌေးဌေးမြင့်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး (၁) အဖြစ် ဒေါ်ရင်ရင်သန်းနှင့် တရားသူကြီး (၂) အဖြစ် ဒေါ်အေးအေးသန်း တို့ကို ခန့်အပ်ခဲ့သည်။
ယင်းကြောင့် စစ်အုပ်စု၏ တနင်္သာရီတိုင်းအစိုးရအဖွဲ့မှာ စစ်ကော်မရှင် ဝန်ကြီးဟောင်းများနှင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အချို့ အားဖြည့်၍ ပြန်လည်ဖွဲ့စည်းသည်ဟု ဆိုနိုင်သည်။







