ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျ အကြီးဆုံးစက်မှုဇုန် မီးလောင်ပေါက်ကွဲ

April 7, 2026

အီရန်က ဆော်ဒီအာရေဗျကို ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက်အစောပိုင်းတွင် မစ်ဆိုင်းဒုံးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ဆော်ဒီအာရေဗျ၏ အကြီးဆုံးစက်မှုဇုန်ဖြစ်သည့် အယ်လ်ဂျူဘေးလ်စက်မှုဇုန်တွင် မီးအကြီးအကျယ် လောင်ကျွမ်းပေါက်ကွဲခဲ့သည်။

စတုရန်းကီလိုမီတာ ၁၀၀၀ ကျော် ကျယ်ဝန်းသည့် အယ်လ်ဂျူဘေးလ်စက်မှုဇုန်မြို့သည် ဆော်ဒီအာရေဗျ၏ အဓိက ရေနံဓာတုနှင့် စွမ်းအင်အခြေခံအဆောက်အအုံများ တည်ရှိရာ နေရာဖြစ်သည်။

နိုင်ငံ၏ ဂျီဒီပီ ၇ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းခန့်အထိ ထုတ်လုပ်ပေးနေသည့် စက်မှုလုပ်ငန်းပေါင်း ၁၅၀ ကျော် အခြေစိုက်ထားရာ နေရာ ဖြစ်သည်။

ထွက်ပေါ်လာသည့် ဗီဒီယိုမှတ်တမ်းများတွင် ယင်းစက်မှုဇုန်အတွင်း ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ မီးအကြီးအကျယ်လောင်ကျွမ်းနေသည်ကို မြင်တွေ့ရသည်။

ယင်းမှာ အီရန်၏ တိုက်ခိုက်မှု မည်မျှပြင်းထန်ကြီးမားသည်ကို ဖော်ပြနေသည်။

ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားမှုကို မစွန့်လွှတ်လျှင် အီရန်ရှိ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံအားလုံးကို ဗုံးကြဲတိုက်ခိုက်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားချိန် အမေရိကန်-အစ္စရေးနှင့် အီရန်ကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေစဉ်အတွင်း ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

၎င်းတို့အပေါ် တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်း အခြားနိုင်ငံများရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်သွားနိုင်ကြောင်း အီရန်က သတိပေးထားသည်။

Source: Firstpost