ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်၏ ယာယီအပစ်ရပ်မည့် ကမ်းလှမ်းချက် အီရန် ပယ်ချ

April 7, 2026

ပါကစ္စတန်မှတစ်ဆင့် အမေရိကန်က အဆိုပြုလာသည့် စစ်ပွဲအဆုံးသတ်ရေးအစီအစဉ်နှင့် ပတ်သက်၍ အီရန်ဘက်က ယာယီအပစ်ရပ်ရေးကို ပယ်ချခဲ့ပြီး စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ရန်သာ လိုအပ်ကြောင်း ဧပြီလ ၆ ရက်နေ့က တုံ့ပြန်ခဲ့သည်ဟု အီရန်အစိုးရပိုင် IRNA သတင်းဌာနက ဖော်ပြသည်။

ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ပေးရန် ဖိအားပေးမှုများကို အီရန်ဘက်က ဆန့်ကျင်ပယ်ချလိုက်ပြီး ရေရှည်တည်တံ့သည့် စစ်ပွဲအဆုံးသတ်ရေးကို လိုအပ်ကြောင်း အီရန်ဘက်က ဆိုသည်။

စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်၏ အဆိုပြုအစီအစဉ်ကို အီရန်ဘက်မှ တုံ့ပြန်ချက်တွင် အချက် ၁၀ ချက် ပါဝင်သည်။

ယင်းတို့တွင် ဒေသတွင်း ပဋိပက္ခများ ရပ်တန့်ရေး၊ ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ရေး၊ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ပါဝင်ကြောင်း အီရန်အစိုးရပိုင် IRNA သတင်းဌာနက ဆက်လက်ဖော်ပြသည်။

အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် ပါကစ္စတန်က ကြားဝင်ညှိနှိုင်းပေးသည့် မူဘောင်တွင် ချက်ချင်းအပစ်ရပ်ရန်နှင့် ယင်းနောက် ၁၅ ရက်မှ ရက်ပေါင်း ၂၀ အတွင်း ပိုမိုကျယ်ပြန့်သော ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန် အဆိုပြုထားကြောင်း သိရသည်။

အီရန်၏ အဆိုပါ တုံ့ပြန်မှုကို ထရမ့်က ပယ်ချထားပြီး အီရန်ကို တိုက်ခိုက်ရန် ၎င်း၏ နောက်ဆုံးအချိန် သတ်မှတ်ချက်မှာ နောက်ဆုံးအပြီးအပြတ်ဖြစ်ကြောင်း ပြောဆိုထားသည်။

အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဧပြီလ ၇ ရက်နေ့ည ၈ နာရီနောက်ဆုံးထား၍ ပြန်မဖွင့်ပေးလျှင် အီရန်ကို ငရဲမီးကဲ့သို့ ပြင်းထန်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဟု ထရမ့်က ခြိမ်းခြောက်ထားသည်။

Source: Reuters