ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်စာဆီ ၅၇ သန်းကျော် ပျောက်ဆုံးမှု ဖော်ထုတ်နိုင်ပြီဟု ထိုင်းအစိုးရထုတ်ပြန်

April 7, 2026

ပုံစာ - PC Siam Petroleum ကုမ္ပဏီမှ ဆီသိုလှောင်ထားစဉ်

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဆီသိုလှောင်ရုံများသို့ မရောက်လာဘဲ ပျောက်ဆုံးနေသော ဆီလီတာ ၅၇ သန်းကျော်သည် ပင်လယ်ပြင်တွင် ခိုးယူသယ်ထုတ်ခြင်းခံရခြင်းဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။

ပျောက်ဆုံးနေသော လောင်စာဆီများသည် ပင်လယ်ပြင်ရှိ ဆီတင်သင်္ဘောကြီးများပေါ်မှတစ်ဆင့် သင်္ဘောငယ်များပေါ်သို့ ၉၆ ခေါက်အထိ သယ်ထုတ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တရားမျှတမှုဝန်ကြီး Rutthapon Naowarat က ဧပြီလ ၆ ရက်နေ့က ပြောသည်။

လောင်စာဆီများသည် သတ်မှတ်နေရာသို့ မရောက်လာဘဲ အခြားနေရာအသီးသီးသို့ ရောက်သွားကြောင်း ဝန်ကြီးက ပြောသော်လည်း ရောက်ရှိသွားသောနေရာအသေးစိတ်နှင့် ပါဝင်ပတ်သက်နေသူများကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေချိန် လောင်စာဆီများ ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ ထိုင်းအစိုးရအဖွဲ့က အပြင်းအထန် စုံစမ်းနေခြင်းဖြစ်သည်။

စုံစမ်းမှုအရ စူရတ်ဌာနီခရိုင်အတွင်း လောင်စာဆီ လီတာ ၂၁၇ သန်းကို သယ်ယူပို့ဆောင်ရာတွင် ဆီလီတာသန်း ၁၆၀ သာ တကယ့်မြေပြင်သို့ ရောက်ရှိခဲ့ပြီး ကျန်သော ဆီလီတာ ၅၇ သန်းမှာ စာရင်းပျောက်နေကြောင်း တွေ့ရသည်။

မတ်လအတွင်းက စူရတ်ဌာနီခရိုင်ရှိ ဆီကုန်သည်များသည် လောင်စာဆီများကို ပုံမှန်ထက် ပိုမိုလက်ခံရရှိခဲ့ပြီး သိုလှောင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဝန်ကြီးက ပြောသည်။

PC Siam Petroleum ကုမ္ပဏီနှင့် အခြားဆီကုန်သွယ်ရေးကုမ္ပဏီများက ဆီများကို ပိုမိုသိုလှောင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

PC Siam Petroleum ကုမ္ပဏီဘက်ကမူ ပုံမှန်ထက် ပို၍ သိုလှောင်ထားခြင်းမရှိကြောင်း တုံ့ပြန်ထားသည်။

ယခုဆီခိုးထုတ်သယ်ယူမှုကို အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စူရတ်ဌာနီခရိုင်အတွင်းရှိ ဆီသိုလှောင်ထားမှုအခြေအနေကို ရဲတပ်ဖွဲ့နှင့် အခွန်ဌာနက ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး ထိုင်းတော်ဝင်ရေတပ်ကလည်း ဆီမှောင်ခိုသယ်ထုတ်မှုကို ကာကွယ်နိုင်ရန် ပိုမိုတင်းကြပ် ကင်းလှည့်သွားမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

Ref: Bangkok Post, Thai PBS News