ရက်သတ္တပတ်တွေ ကုန်လွန်လာတာနဲ့အမျှ အီရန်စစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲဟာ ပိုပိုပြီးတော့ အပြန်အလှန်ဆက်နွှယ်လာပါတယ်။ ဒီစစ်ပွဲနှစ်ခုဟာ စစ်ပွဲတစ်ခုတည်းအဖြစ် ပေါင်းစပ်လာနေပြီလို့ လေ့လာသူအချို့က ဆိုလာကြတဲ့အထိပါပဲ။
စစ်ပွဲတစ်ခုက အခြားစစ်ပွဲတစ်ခုရဲ့ လမ်းကြောင်းအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာက ခန့်မှန်းရခက်ပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲနှစ်ခုကြားက အပြန်အလှန်ဆက်စပ်နေမှုကြောင့် နိုင်ငံအများအပြားဟာ ဒီစစ်မီးလျှံနှစ်ခုကြားထဲ ပိုမိုပါဝင်လာနေကြပြီး ဥရောပကနေ အရှေ့အလယ်ပိုင်းအထိ မတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်လာနေတာကတော့ အထင်အရှားပါပဲ။
ဒီစစ်ပွဲနှစ်ခုကြားက အပြန်အလှန်ဆက်စပ်မှုဟာ ယူကရိန်းဘက်က ကြည့်မယ်ဆိုတော့ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဗလာဒီမာပူတင်ရဲ့ ယူကရိန်းအပေါ် တင်းပြည့်ကျပ်ပြည့် ကျူးကျော်စစ်စတင်ပြီး ၇ လအကြာ ၂၀၂၂ ခုနှစ် စက်တင်ဘာလကတည်းက ရုရှားဟာ အီရန်လုပ် ရှာဟက်ဒရုန်းတွေကို စသုံးနေခဲ့တာပါ။
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မော်စကိုက တီဟီရန်ကို ထောက်လှမ်းရေးသတင်းတွေ ၊ ပစ်မှတ်ရှာဖွေရေးနဲ့ ဒရုန်းနည်းပညာတွေ ထောက်ပံ့ပေးပြီး ကျေးဇူးပြန်ဆပ်တာက အသစ်အဆန်းပါ။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ဗိုလိုဒီမာဇလန်းစကီးရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်ဟာ ဒီစစ်ပွဲနှစ်ခုကြားက ဒေသဖြတ်ကျော်ဆက်နွယ်မှုကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ ဇလန်းစကီးရဲ့ အဲဒီခရီးစဉ်အတွင်းမှာ ဆော်ဒီအာရေဗျ ၊ ယူအေအီးနဲ့ ကာတာနိုင်ငံတွေကို ယူကရိန်းက ဒရုန်းနဲ့ ဒရုန်းရန်ကာကွယ်ရေးနည်းပညာတွေ ၊ သင်တန်းတွေပေးဖို့ သဘောတူညီချက် ရရှိခဲ့သလို ဂျော်ဒန်နဲ့လည်း လုံခြုံရေးကိစ္စရပ် ဆွေးနွေးမှုတွေ စတင်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့စွမ်းအင်ဈေးကွက်ကြောင့်လည်း ဒီစစ်ပွဲနှစ်ခုက ပေါင်းစပ်လာနေပါတယ်။ အီရန်အပေါ် တိုက်ခိုက်မှုရဲ့ ကနဦးသက်ရောက်မှုနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ ပင်လယ်ကွေ့သင်္ဘောကုန်သွယ်ရေးကို ပိတ်ချလိုက်တဲ့ အီရန်ရဲ့ တုံ့ပြန်မှုကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်း ထိုးတက်သွားတာက ရုရှားကို ပြန်ကျေးဇူးပြုခဲ့တာပါပဲ။
မော်စကိုရဲ့ စီးပွားရေးအပေါ် ဖိအားပိုကြီးမားလာချိန်မှာ အခုလိုမျိုး ရေနံဝယ်လိုအားမြင့်တက်လာတာမျိုးက မော်စကိုအတွက် စီးပွားရေးအသက်ရှူပေါက်တစ်ခု ရလာစေခဲ့ပါတယ်။ မော်စကိုအနေနဲ့ သူတို့ရဲ့ အစိုးရအသုံးစရိတ်ကို လျှော့ချမယ့် အစီအစဉ်တွေကိုတောင် ဖျက်သိမ်းလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ရုရှားအပေါ် ဖိအားပေးဖို့ ရည်ရွယ်ချမှတ်ထားတဲ့ ရုရှားရေနံတင်ပို့မှုတွေအပေါ် ကန့်သတ်ချက်အချို့ကို ထရမ့်အစိုးရက ရေနံဈေးကွက်ကို ထိန်းညှိဖို့အတွက် ပြန်ဖြေလျှော့ပေးလိုက်ပါတယ်။
အထူးသဖြင့် ဗီယက်နမ် ၊ ထိုင်း ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာအပါအဝင် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရတဲ့ အာရှနိုင်ငံတွေဟာ အခုဆိုရင် ရှရှားရေနံကို ဝယ်ယူဖို့ တန်းစီစောင့်ဆိုင်းနေကြပါပြီ။
ရုရှားမှာ ဒီလို ပွပေါက်တိုးနေတာကို ကန့်သတ်ပစ်ဖို့ ကြိုးစားတဲ့အနေနဲ့ ယူကရိန်းဟာ မကြာသေးခင် ရက်ပိုင်းအတွင်းမှာပဲ ရုရှားရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
ယူကရိန်းရဲ့ အကြီးစားဒရုန်းတိုက်ခိုက်မှုတွေနောက်ပိုင်းမှာ ရုရှားရဲ့ ရေနံတင်ပို့နိုင်စွမ်း ၄၀ ရာခိုင်နှုန်းအထိ ရပ်ဆိုင်းသွားတယ်လို့ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့ အပတ်မှာ ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။
ဒီစစ်ပွဲနှစ်ခုဟာ အပြန်အလှန်ဆက်စပ်လွန်းနေတာကြောင့် စစ်မျက်နှာတစ်ခုမှာ ဖြစ်ပျက်တဲ့အရာဟာ အခြားစစ်မျက်နှာတစ်ခုအပေါ်မှာ လက်တွေ့ကျကျ သက်ရောက်မှုရှိနေပါတယ်။
အရှေ့အလယ်ပိုင်းစစ်မီးလျှံထဲမှာ မပါဝင်ချင်ကြတဲ့ ဥရောပနိုင်ငံတွေကလည်း ဒီအချက်ကို အလေးအနက်ထား ထောက်ပြနေကြပါတယ်။ ယူကေကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလေကတော့ အီရန်ရဲ့ ဒရုန်းစစ်ဆင်ရေးဗျူဟာတွေရဲ့ နောက်ကွယ်မှာ ပူတင်ရဲ့ ‘လက်မည်းကြီး’ ရှိနေတယ်လို့ ထောက်ပြပြောဆိုထားပါတယ်။
ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာကာလက်စ်က “ဒီစစ်ပွဲနှစ်ခုဟာ တော်တော်လေးကို ဆက်စပ်နေတာပါ” လို့ ပြောပါတယ်။
“ဒါကြောင့် အမေရိကန်အနေနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲကို ရပ်တန့်စေချင်တယ်၊ အီရန်က သူတို့ကို တိုက်ခိုက်နေတာတွေကို ရပ်စေချင်တယ်ဆိုရင် ရုရှားက အီရန်ကို ကူညီလို့ မရအောင် ရုရှားအပေါ် ဖိအားပေးသင့်ပါတယ်” လို့ သူက ဆိုပါတယ်။
ဒီစစ်ပွဲနှစ်ခုရဲ့ ဆက်စပ်မှုကို အသိအမှတ်ပြုဖို့ ထရမ့်အစိုးရက ဝန်လေးနေပါတယ်။ စစ်ပွဲထဲမှာ အီရန်ကို ရုရှားက ကူညီပေးနေတယ်ဆိုတဲ့ အခိုင်မာဆုံး သက်သေအထောက်အထားတွေ ထွက်ပေါ်လာနေပေမယ့်လည်း ထရမ့်အစိုးရက မော်စကိုကို မျက်နှာသာပေးနေဆဲပါပဲ။ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးတာ ၊ ကျူးဘားအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်လို့ ကျူးဘားဆီ ရုရှားရဲ့ ရေနံတင်ပို့မှုကို ခွင့်ပြုပေးတာတွေနဲ့ပါ။
အီရန်စစ်ပွဲမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှုဟာ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေအပေါ် အဟန့်အတားဖြစ်စေတာ ထိခိုက်စေတာမျိး မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အခိုင်အမာ ပြောပါတယ်။
“အမေရိကန်တွေဟာ ဒီစစ်ပွဲနှစ်ခုကို ဆက်စပ်ရှုမြင်ပြီး ရုရှားကို အပြစ်ပေးဖို့ ဆန္ဒမရှိဘူး”လို့ James Martin Centre for Nonproliferation Studies ရဲ့ ယူရေးရှားဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်နာနော့တေးက ဆိုပါတယ်။
အမေရိကန်နဲ့ မဟာမိတ်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အီရန်ကို လူသေစေနိုင်တဲ့ လက်နက်တွေ ထောက်ပံ့ပေးနေတာတွေအတွက် မော်စကိုကို ဖိအားပေးတာထက် ရုရှားရေနံချက်စက်ရုံတွေကို တိုက်ခိုက်လို့ ရေနံဈေးတက်လာတဲ့အပေါ်မှာ ကိယက်ဗ်ကို အမေရိကန်က ပိုပြီး ဖိအားပေးနေတဲ့ လက္ခဏာတွေ ရှိနေပါတယ်။
ဥရောပမဟာမိတ်တွေက ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့အရေးမှာ မကူညီဘူးဆိုရင် ယူကရိန်းကို လက်နက်ထောက်ပံ့မှုတွေ ဖြတ်တောက်မယ်လို့ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ခြိမ်းခြောက်ခဲ့တယ်လို့ The Financial Times က ဖော်ပြပါတယ်။
ရုရှားစွမ်းအင်စက်ရုံတွေအပေါ် တိုက်ခိုက်မှုတွေကို လျှော့ချဖို့ မိတ်ဖက်နိုင်ငံတွေဆီကနေ အချက်ပြတာတွေ ကိယက်က လက်ခံရရှိထားတယ်လို့ ဇလန်းစကီးက တနင်္လာနေ့မှာ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ရုရှားဘက်က ပစ်မှတ်ထားတိုက်ခိုက်နေသရွေ့ သူတို့ဘက်ကလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဇလန်းစကီးက အခိုင်အမာ ပြောခဲ့ပါတယ်။
အီရန်ရဲ့ ကာကွယ်ရေးကဏ္ဍမှာ ရုရှားဘက်က ပိုနက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်လာတာက ရုရှားအပေါ် လိုလားတဲ့ ထရမ့်ရဲ့ တိမ်းညွှတ်မှုတွေအပေါ် ဖိအားအသစ်တွေ ဖြစ်လာပါလိမ့်မယ်။
ကရင်မလင်အတွက်ကတော့ အီရန်ကို ကူညီပေးတာဟာ သူတို့ ဆက်တိုက်ကြုံတွေ့နေရတဲ့ နောက်ပြန်လျှောကျမှုတွေကနေ သူတို့ရဲ့ ပထဝီနိုင်ငံရေးအနေအထားကို ပြန်တည်ဆောက်ဖို့ အခွင့်အရေးတစ်ခု ရစေပါတယ်။
ဖြုတ်ချခံလိုက်ရတဲ့ ဆီးရီးယားခေါင်းဆောင်ဘာရှာအယ်လ်အာဆတ်နဲ့ အမေရိကန်စစ်ဆင်ရေးတစ်ခုမှာ ဖမ်းဆီးခံရပြီး အာဏာကနေ ဖယ်ရှားခံလိုက်ရတဲ့ ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလပ်စ်မာဒူရိုတို့ အပါအဝင် သူရဲ့ အဓိကမဟာမိတ်တွေ ပြိုလဲသွားချိန်မှာ ယူကရိန်းစစ်ပွဲကြောင့် အင်အားချည့်နဲ့နေတဲ့ ကရင်မလင်ဟာ ဘေးကနေပဲ ရပ်ကြည့်နေခဲ့ရပါတယ်။
“အမေရိကန်ဟာ သူတို့ရဲ့ စစ်ရေးအင်အားသာလွန်မှုကို နိုင်ငံရေးအရ အသာစီးရအောင် မပြောင်းလဲနိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်လာတဲ့အခါမှာ ရုရှားက ဒါကို အမေရိကန်ရဲ့ အားနည်းချက်အနေနဲ့ ထုတ်ဖော်ပြသဖို့ အခွင့်အရေးတစ်ခု မြင်လာခဲ့ပါတယ်” လို့ နော့တေးက ပြောပါတယ်။
“အမေရိကန်တွေ နှာခေါင်းသွေးထွက်အောင် လုပ်ပြီး စစ်ပွဲကို အချိန်ဆွဲတာက ရုရှားတွေရဲ့ အကျိုးစီးပွားပဲ”လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့မှာ ဆော်ဒီအာရေဗျက ပရင့်စ်ဆူလ်တန် လေတပ်စခန်းမှာရှိတဲ့ အမေရိကန်လေယာဉ်တွေနဲ့ တပ်သားတွေကို အီရန်က ဒရုန်းနဲ့ မစ်ဆိုင်းဒုံးတွေသုံးပြီး တိုက်ခိုက်ခဲ့ရာမှာ အမေရိကန် ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမတိုင်ခင်မှာ မော်စကိုက အီရန်ကို ဂြိုဟ်တုဓာတ်ပုံတွေအခြေခံတဲ့ ထောက်လှမ်းရေးသတင်းတွေ ပေးခဲ့တယ်လို့ ဇလန်းစကီးက စွပ်စွဲထားပါတယ်။
အဲဒါအပြင် ရုရှားဟာ ရှာဟက်ဒရုန်းကို သူတို့ကိုယ်ပိုင်နည်းပညာနဲ့ အဆင့်မြှင့်တင်ဖန်တီးထားတဲ့ ဂီရန်ဒရုန်းတွေအပါအဝင် တခြားဒရုန်းတွေကို လူသားချင်းစာနာမှုအကူအညီပေးရေးယာဉ်တန်းအသွင်နဲ့ ကုန်းလမ်းကနေ အီရန်ကို ပေးပို့နေတယ်လို့လည်း သံသယရှိနေကြပါတယ်။
ရှာဟက်ဒရုန်း၊ ဂီရန်ဒရုန်းတွေနဲ့ ပတ်သက်လို့ သွေးနဲ့ ရင်းထားတဲ့ အတွေ့အကြုံတွေ ယူကရိန်းက ပိုင်ဆိုင်ထားတာကြောင့် ဇလန်းစကီးဟာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ မြို့တော်တွေမှာ လိုလိုလားလား ဖိတ်ခေါ်ခံရတဲ့ ဧည့်သည်တော်တစ်ယောက် ဖြစ်လာပါတယ်။
ဇလန်းစကီးက ဒီအခွင့်အရေးကို အရယူပြီး ပင်လယ်ကွေ့နိုင်ငံတွေရဲ့ လက်နက်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ စစ်မြေပြင်မှာ လက်တွေ့စမ်းသပ်ပြီးသား ဈေးသက်သာတဲ့ နည်းပညာတွေကို တင်ပို့ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါဟာ ယူကရိန်းအတွက် အကူအညီတောင်းခံနေရတဲ့ နိုင်ငံအဆင့်ကနေ လက်နက်ပြန်ထောက်ပံ့ပေးနိုင်တဲ့ နိုင်ငံအဖြစ် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အခန်းကဏ္ဍသစ်တစ်ရပ်ကို ဖော်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။
ကိယက်ဗ်ဟာ ကြားဖြတ်ဟန့်တားရေးလက်နက်တွေတင်မကဘဲ ဆော့ဖ်ဝဲလ်တွေ ၊ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တွေနဲ့ ရေကြောင်းသုံးဒရုန်းတွေကိုပါ ရောင်းချနေတာ ဖြစ်ပါတယ်။
“ဒါကို ကျွန်တော်တို့ စနစ်တကျချဉ်းကပ်လုပ်ဆောင်နေပါတယ်” လို့ ဇလန်းစကီးက ပြောခဲ့ပါတယ်။
ပင်လယ်ကွေ့ဒေသက ယူကရိန်းရဲ့ လုံခြုံရေးကဏ္ဍကွန်ရက်အသစ်ဟာ ဝါရှင်တန်အပေါ် ဩဇာညောင်းမှု ပိုရလာစေတယ်လို့ Chatham House သုတေသနအဖွဲ့ရဲ့ ယူကရိန်းဖိုရမ်အကြီးအကဲ အောရစ်ဆီယာလူးတ်စက်ဗစ်ချ်က ဆိုပါတယ်။ ဒါက ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ပွဲမှာ ကိယက်ဗ်ဘက်က အသာစီးရမယ့် ဖဲချပ်မရှိဘူးဆိုတဲ့ ထရမ့်ရဲ့ ခပ်ရိုင်းရိုင်းလှောင်ပြောင်မှုကို ပြန်တုံ့ပြန်စရာတစ်ခု ဖြစ်ပါတယ်။
ယူကရိန်းကို ပေးမယ့် ဥရောပသမဂ္ဂ(EU) ရဲ့ ရန်ပုံငွေတွေကို ဟန်ဂေရီက ပိတ်ပင်ထားချိန်မှာ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ တည်ဆောက်ထားတဲ့ လုံခြုံရေးကဏ္ဍ ဆက်ဆံရေးတွေဟာ ယူကရိန်းလက်နက်စက်မှုလုပ်ငန်းအတွက် အလွန်အမင်း လိုအပ်နေတဲ့ ငွေကြေးကို ရရှိစေမယ့် အဓိကအစားထိုးအရင်းအမြစ်တစ်ခု ဖြစ်လာနိုင်တယ်လို့လည်း သူမက ဆိုပါတယ်။
“ယူကရိန်းမှာ ထုတ်လုပ်နိုင်စွမ်းရှိပေမယ့် လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု မရှိဘူး။ ယူကရိန်းအနေနဲ့ ပိုထုတ်နိုင်ပေမယ့် သူတို့မှာ ဝယ်လက် လုံလုံလောက်လောက် မရှိဘူး။ အရင်းအနှီး လုံလုံလောက်လောက် မရှိဘူး။ ဒါကြောင့် အခုအခြေအနေက ယူကရိန်းအဖို့ သူတို့ရဲ့ ထုတ်လုပ်ရေးစက်ရုံတွေကို အသုံးချဖို့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာပါတယ်” လို့ သူမက ပြောပါတယ်။
အပြန်အလှန်ဆက်စပ်နေတဲ့ ဆိုခဲ့ပါ ဒေသတွင်းပဋိပက္ခတွေဟာ ကမ္ဘာစစ်အဆင့်ကို ရောက်ဖို့ အလှမ်းဝေးနေပါသေးတယ်လို့ Univesity of Pittsburgh ရဲ့ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ဝီလီယမ်စပန်နီယယ်က ဆိုပါတယ်။
“ဒါပေမဲ့ ဒါဟာ စစ်မြေပြင်ရလဒ်တွေကို ပိုပြီးဆက်စပ်သွားစေသလို ရှေ့တန်းစစ်မြေပြင်တွေ ဘယ်လိုပိုင်းခြားထားသလဲဆိုတဲ့အပေါ်မှာလည်း ရေရှည်သက်ရောက်မှုတွေ ရှိလာမှာပါ” လို့ သူက ပြောပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှု ၊ ပေါင်းစပ်စစ်ဆင်ရေးနဲ့ အခြားမီးခိုးဇုန် (Grey Zone) စစ်ဆင်ရေးတွေလိုမျိုး ခေတ်သစ်စစ်ပွဲပုံစံတွေကို ထည့်တွက်မယ်ဆိုရင်တော့ ကမ္ဘာစစ်ဟာ စတင်နေပြီလို့ ယူဆရမှာ ဖြစ်တယ်လို့ ထရမ့်အစိုးရပထမသက်တမ်းတုန်းက ရုရှားရေးရာအကြံပေးဟောင်းလုပ်ခဲ့တဲ့ ဖီယိုနာဟေးလ်က ပြောပါတယ်။ အီရန်စစ်ပွဲကြောင့် အခြေအနေတွေ ပိုပြီး ဆိုးရွားလာတယ်လို့ သူမက ဆိုပါတယ်။
“ဒါဟာ ကမ္ဘာ့စနစ်ကို ပြောင်းလဲစေမယ့် စစ်ပွဲတစ်ခုအဆင့်ကို ရောက်နေပြီလို့ ကျွန်မထင်ပါတယ်။ နိုင်ငံတွေအကြား မဟာမိတ်ဖွဲ့မှု ပုံစံသစ်တွေအားလုံး ပေါ်ထွက်လာမှာပါ” လို့ လက်ရှိမှာ Brookings Institutions မှာ အလုပ်လုပ်တဲ့ သူမက ပြောပါတယ်။
လောင်စာဆီနဲ့ မြေသြဇာ ပြတ်လပ်မှုတွေကြောင့် ကမ္ဘာ့တည်ငြိမ်မှုအပေါ် ခန့်မှန်းရခက်တဲ့ သက်ရောက်မှုတွေ ရှိနေတာဟာ တခြားနိုင်ငံအများအပြားကို အရှေ့အလယ်ပိုင်းပြဿနာမှာ ပါဝင်လာဖို့ တွန်းအားဖြစ်စေတယ်လို့ သူမက ထောက်ပြပါတယ်။ ဒါ့အပြင် ဝါရှင်တန်အနေနဲ့ အာရုံမစိုက်နိုင်ဘဲ ဖြစ်နေချိန်မှာ တရုတ်က ထိုင်ဝမ်အပေါ် အရေးယူဆောင်ရွက်ဖို့ အခွင့်ကောင်းယူလာမလားဆိုတဲ့ ပုစ္ဆာကိုလည်း သူမက ထောက်ပြပါတယ်။
“ကျွန်မတို့မှာ ကပ်ဆိုးပေါင်းစုံ တပြိုင်နက်တည်း ကြုံတွေ့နေရတယ်။ ဒါပေမဲ့ လူတွေကတော့ ဒီအန္တရာယ်ထဲကို သတိမမူမိဘဲ လျှောက်လှမ်းနေကြတယ်လို့ ကျွန်မ ခံစားရပါတယ်” လို့ သူမက ပြောပါတယ်။
(The Guardian တွင် ဧပြီ ၂ ရက်နေ့က ဖော်ပြထားသည့် Coordinated conflict: how the Ukraine and Iran wars are starting to overlap ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်)
စျာန်ဟိန်း







