ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့နယ်တွင် KNLA နှင့် KTLA ဆာကဆောတပ်မတို့ ပစ်ခတ်မှုဖြစ်

March 7, 2026

ပုံစာ - ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။(ပုံဟောင်း)

ထားဝယ်မြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကော်သူးလေတပ်မတော် (KTLA) ဆာကဆောတပ်မတို့ မတ်လ ၆ရက် နံနက်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်နှင့် ဒေသ သတင်းအရင်းအမြစ် အချို့ထံမှ သိရသည်။

ဖောင်းတောရွာနှင့် မေတ္တာမြို့ကြားရှိ ကျောက်တွင်းရွာဘက်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

ထားဝယ်မြို့နယ် ဖောင်းတောနှင့် ပျားသားချောင်းရွာကြားတွင် KNLA တပ်ရင်း (၁၂) တပ်ဖွဲ့ဝင်များစီးလာသည့် ကားကို KTLA မှ တပ်မမှူး ဗိုလ်အယ်ခွီး (ခေါ်) ဗိုလ်ကော်လဖိုး ဦးဆောင်သည့် ဆာကဆောတပ်မက မတ်လ ၄ရက် ညနေတွင် ခြုံခိုတိုက်ခိုက်သဖြင့် KNLA တပ်ဖွဲ့ဝင် ငါးဦးဒဏ်ရာရကြောင်း KNU က ထုတ်ပြန်ထားသည်။

ထို့ကြောင့် KNU/KNLA တပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်သဖြင့် မတ်လ ၆ရက် နံနက်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

အဆိုပါဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကမူ KNLA နှင့် KTLA ကြား ထိတွေ့ပစ်ခတ်မှုမှာ တစ်နာရီခန့်ကြာမြင့်ပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကို မသိရသေးကြောင်းပြောဆိုသည်။

ယင်းနေ့ မတ်လ ၆ရက်တွင်ပင် ပျားသားချောင်းနှင့် မောင်းမထူးကျေးရွာကြား တောင်ပေါ်တွင် လမ်းပြင်နေသည့် KNU အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့်KNLA တပ်ရင်း-၁၂ တပ်ဖွဲ့ဝင်နှစ်ဦးတို့ကို ဆာကဆောတပ်က သတ်ဖြတ်ခဲ့ကြောင်း ပဒိုစောအယ်နားက ဆိုသည်။

“လမ်းပြင်နေတဲ့အချိန်မှာ သူတို့ကလာပြီးတော့ တိုက်ခိုက်သတ်ဖြတ်တာပေါ့နော်။ အသေးစိတ်တော့ မသိသေးဘူး” ဟု ပဒိုစောအယ်နားက ပြောသည်။

အသတ်ခံရသည့် တပ်ဖွဲ့ဝင်သုံးဦးအနက် တပ်ဖွဲ့ဝင် နှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်ရရှိထားပြီး ကျန်တစ်ဦး၏ ရုပ်အလောင်းကိုမူ ရှာမတွေ့သေးကြောင်း ၎င်းက ပြောဆိုသည်။

KNU/ KNLA တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရသည် ဆိုသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

မတ်လ ၄ ရက်နှင့် မတ်လ ၆ ရက် တိုက်ခိုက်မှု၊ နှစ်ဖက်ပစ်ခတ်မှုများနှင့်ပတ်သက်၍ ဆာကဆောတပ်မ၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် စာ ပေးပို့ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။