တနင်္သာရီတိုင်းအတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးနှုန်းအဆမတန် မြင့်တက်မှုဒဏ်ကို ဒေသခံများ ပြင်းထန်စွာ ခံစားနေရသည်။ ယခင်က တစ်ဂါလန်လျှင် ၁၅,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သော ဓာတ်ဆီဈေးမှာ ယခုအခါ ၂၀,၀၀၀ ကျပ်အထက်သို့ ခုန်တက်သွားပြီး ဝယ်ယူရန်ပင် ခက်ခဲနေသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။
ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိကအားထားနေရသည့် ကမ်းရိုးတန်းဒေသတွင် စက်သုံးဆီပြတ်လပ်မှုသည် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်လာသည်။ ဆီဈေးမြင့်တက်သော်လည်း ငါးဈေးမကောင်းသဖြင့် ငါးဖမ်းလုပ်ငန်းမှာ အရှုံးပြနေပြီး ဆီမရပါက လှေများအားလုံး နားရတော့မည့် အခြေအနေတွင် ရှိနေသည်။
လျှပ်စစ်မီး ဖြတ်တောက်ခံထားရသည့် ဒေသများတွင် စက်သုံးဆီသည် အသက်သွေးကြောသဖွယ် အရေးပါသည်။ မီးစက်မောင်းရန် ဆီဝယ်မရတော့သဖြင့် ဒေသခံများမှာ ဖုန်းအားသွင်းရန်နှင့် ရေစုပ်ရန်အတွက်ပင် ခက်ခဲလာသည်။
စက်သုံးဆီပြတ်လပ်မှုသည် သယ်ယူပို့ဆောင်ရေးကို ရပ်တန့်စေပြီး အခြေခံစားသောက်ကုန်များဖြစ်သော အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို တိုက်ရိုက်ရိုက်ခတ်စေကာ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာမည်ဖြစ်သည်။ ထို့ပြင် မြက်ခုတ်စက်နှင့် ချိန်းစော(လွှစက်)သမားများကဲ့သို့သော နေ့စားအလုပ်သမားများမှာလည်း ဆီဝယ်မရသဖြင့် အလုပ်လက်မဲ့ဖြစ်ကာ မိသားစုစားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသည်။
ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ဒေသခံများ ကြုံတွေ့နေရသည့် အခက်အခဲများကို ယခုတစ်ပတ် “တနင်္သာရီပုံရိပ်” အစီအစဉ်တွင် မေးမြန်းဖော်ပြပေးလိုက်ပါသည်။
“ကျွန်မတို့ကတော့ ဒီတစ်ခေါက်လှေထွက်ပြီးရင် နောက်တစ်ခါ ထွက်နိုင်တော့မှာမဟုတ်ဘူးလို့ မှန်းထားတယ်”
(ပင်လယ်ငါးဖမ်းလှေပိုင်ရှင်တစ်ဦး)
DW ။ စက်သုံးဆီတွေ ဝယ်ရခက်နေတော့ ငါးဖမ်းလုပ်ငန်းအပေါ် ဘယ်လို ထိခိုက်မှုရှိနေလဲ။
ထိခိုက်မှုကတော့ ရှိမှာပေါ့။ အခုလောလောဆယ်တော့ ဆီတစ်ပေပါကို ၇ သိန်းနဲ့ အရင်ကတည်းက ဝယ်ထားတာရှိလို့ လှေထွက်နိုင်သေးတယ်။ အခုလက်ရှိဈေးက တစ်ပေပါကို ဆယ်သိန်းကျော်သွားပြီဆိုတော့ အခုငါးဈေးနဲ့ဆိုရင် နားရတော့မှာပဲ။ အဆင်မပြေဘူး။
DW ။ အခုရော လှေတွေ နားနေကြတာမျိုးရှိလား။
ဖြေ ။ အခုလက်ရှိတော့ တစ်ပိုင်တစ်နိုင်လှေတွေကတော့ နားတာမျိုး မရှိသေးဘူး။ ပင်လယ်ထဲမှာ လနဲ့ချီပြီး နေရတဲ့လှေကြီးတွေကတော့ နားချင်နားရမယ်။ အဓိကက ဆီလိုသလောက် ချလို့မရရင် အဲဒါ နားရမှာပေါ့။ အခုတော့ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ရအောင်တော့ ကြိုးစားနေကြတယ်။
DW ။ ငါးဖမ်းလှေတစ်စီးအတွက်ဆိုရင် စက်သုံးဆီ ဘယ်လောက်လိုလဲ။
ဖြေ ။ အဲဒါကတော့ လှေအပေါ်မှာ မူတည်တာပေါ့။ လှေကြီးရင် ကြီးသလောက် လိုတာပေါ့။ ကင်မွန်မီးထွန်းလှေဆိုရင် တစ်နေ့ကို ဆီတစ်ပေပါလောက် ကုန်တာ။ တစ်လဆိုတော့ စဉ်းစားကြည့်ပေါ့။ လှေပေါင်းမြောက်များစွာအတွက်ဆိုရင် တစ်နေ့ကိုတောင်မှ ပေပါသောင်းဂဏန်းလောက် လိုတာ။
DW ။ အခုကြုံနေရတဲ့ စက်သုံးဆီပြဿနာက ဘယ်လောက်အထိ ကြာမယ်လို့ မှန်းထားလဲ။
ဖြေ ။ အရင်တုန်းကနဲ့ မတူတာတော့ အမှန်ပဲ။ ဘယ်လောက်ကြာမယ်တော့ မမှန်းတတ်ဘူး၊ ကြာတော့ ကြာလိမ့်မယ်။ ကျွန်မတို့ကတော့ ဒီတစ်ခေါက်လှေထွက်ပြီးရင် နောက်တစ်ခါ ထွက်နိုင်တော့မှာမဟုတ်ဘူးလို့ မှန်းထားတယ်။
DW ။ လှေမထွက်ရရင် ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ ။ ဒီရွာမှာက တံငါလုပ်စားတဲ့သူတွေများတော့ စက်သုံးဆီဝယ်လို့မရလို့ လှေတွေနားရမယ်ဆိုရင် အကုန်လုံး ကျပ်တည်းကုန်ကြမှာပဲ။ စီးပွားရေးက ဒီလုပ်ငန်းနဲ့ပဲ လည်ပတ်နေတာဆိုတော့လေ။ လှေထွက်မရရင် ငါးဈေးတက်မယ်၊ ကြက်သား၊ ဝက်သားနဲ့ ကုန်ဈေးနှုန်းတွေ အကုန်တက်လာတော့မှာပဲ။
“သွားရေးလာရေး သေရေးရှင်ရေး အတော်ခက်သွားမယ်။ မီးစက်ထွန်းမရတော့ရင် ဆိုလာပဲ ဝယ်သုံးရတော့မယ့် အခြေအနေပေါ့”
(ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီကျေးရွာအုပ်စုမှ ဆိုင်ပိုင်ရှင်တစ်ဦး)
(ဇာဒီကျေးရွာအုပ်စုသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ကံပေါက်ရေကန်တောင်တိုက်ပွဲပြီးနောက် မကြာခဏ စစ်ကြောင်းထိုးခံရသဖြင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရသည်။ ယင်းနောက်ပိုင်းတွင် စစ်အာဏာရှင်တပ်က ဇာဒီကျေးရွာအုပ်စုကို လျှပ်စစ်မီး ဖြတ်တောက်ထားသည့်အပြင် ကုန်သွယ်ရေးလမ်းပိုင်းများကိုလည်း မြေတူးစက်ဖြင့် ဖြတ်တောက်၍လည်းကောင်း၊ ဂိတ်များဖွင့်၍လည်းကောင်း တင်းကျပ်ဖြတ်တောက်ထားသည်။)
DW ။ အခု ဇာဒီအုပ်စုမှာ စက်သုံးဆီဝယ်ရတဲ့ အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ ဆီက မရှိဘူး။ ရွာမှာတော့ လုဝယ်နေကြတယ်။ အရင်လက်ကျန်ရှိနေသေးလို့ လုံးဝမပြတ်သေးပေမဲ့ နောက်ဆိုရင်တော့ ပြောမတတ်ဘူး။ ဒီနေ့ (မတ်လ ၅ ရက်) မှာထားတာ ရမရ မသေချာဘူး။ ကားသမားက ဆီဆိုင်တွေကို ဖုန်းဆက်ကြည့်မယ် ပြောသွားတယ်။ အစ်မတို့ဆီမှာတော့ လောလောဆယ် မျှပေးထားရတယ်။
DW ။ ဆီဈေးက အခု (ဆီပြတ်လပ်တာ) မတိုင်ခင်နဲ့ အခု ဘယ်လောက်ကွာသွားလဲ။
ဖြေ ။ အရင်က တစ်ဂါလန် တစ်သောင်းခုနစ်ထောင်၊ အခုက တစ်သောင်းကိုးထောင်၊ နှစ်သောင်း ဖြစ်နေပြီ။ အဲဒါတောင် လိုသလောက်မရဘူး။ အစ်မတို့ဆီက နယ်မြေလမ်းပိတ်တာရော၊ လျှပ်စစ်မရတာရောကြောင့် ဆီပြဿနာက အရင်ကတည်းက ရှိတယ်။ အစ်မတို့ဆို မီးစက်ပါ မောင်းနေရလို့ ပိုဆိုးတယ်။ အဓိက ဆိုင်ကယ်ဆီနဲ့ မြက်ခုတ်စက်အတွက် ဆီလိုနေတာ။
DW ။ ဆီမရရင် ဘာဖြစ်မယ်ထင်လဲ။ တစ်ခုခုရော ပြင်ဆင်ထားပြီးပြီလား။
ဖြေ ။ လုံးဝမရတော့ရင်တော့ ပြဿနာရှိမှာပဲ။ အဓိက ဆိုင်ကယ်ဆီပေါ့။ သွားရေးလာရေး၊ သေရေးရှင်ရေး အတော်ခက်သွားမယ်။ မီးစက်ထွန်းမရတော့ရင် ဆိုလာပဲ ဝယ်သုံးရတော့မယ့် အခြေအနေပေါ့။
DW ။ အရင်ကလည်း ဆီပြတ်ဖူးတော့ အခုနဲ့ ဘာကွာလဲ။
ဖြေ ။ အခုက ပိုဆိုးမယ်ထင်တယ်။ အရင်က ကံပေါက်ဘက်က ခိုးဝယ်လို့ ရသေးတယ်၊ အခုက အစ်မတို့ရွာတွေကို ကံပေါက်ဘက်ကနေ ပေးမသယ်တာ။ ဇာဒီလမ်းက ပေးမဖြတ်ဘူး။
DW ။ အခုဆို စက်သုံးဆီ ဘယ်လိုချွေတာသုံးနေရလဲ။
ဖြေ ။ မီးစက်ကို ချွေတာထွန်းနေရတယ်။ တစ်နေ့ကို ညဘက် တစ်နာရီပဲ ထွန်းတော့တယ်။ အဓိက ရေစုပ်ဖို့နဲ့ ဖုန်းအားသွင်းဖို့ပဲ။ စက်နှိုးတဲ့အချိန်ကို လျှော့လိုက်ရတယ်။
DW ။ အင်တာနက်အခြေအနေရော ဘယ်လိုရှိလဲ။
ဖြေ ။ အစကတည်းက မီးဖြတ်ခံထားရတော့ ရွာကတာဝါတိုင်တွေက အလုပ်မလုပ်ဘူး။ အင်တာနက်သုံးဖို့ တောင်တွေပေါ်တက်ရတယ်။ အခုဆီအခက်အခဲကြောင့် အဲဒီတာဝါတိုင်တွေလည်း နောက်ဆို အလုပ်လုပ်နိုင်ဖို့ အာမခံချက် မရှိတော့ဘူး။
“စက်သုံးဆီရှိတဲ့သူတွေက ထုတ်မရောင်းတာ၊ ဈေးတင်တာ၊ ထိန်းရောင်းတာတွေ ကြုံနေရတယ်”
(လောင်းလုံးမြို့နယ်မှ ဒေသခံတစ်ဦး)
DW ။ လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခက်အခဲနဲ့ ပတ်သက်ပြီး ဘာတွေ ကြုံတွေ့နေရသလဲ။
ဖြေ ။ ဒီဘက်မှာတော့ တော်တော်လေး ခက်ခဲနေတယ်။ ဈေးတွေလည်း အရမ်းတက်နေတယ်၊ ဓာတ်ဆီတစ်ဂါလန်ကို နှစ်သောင်းနဲ့အထက် ပေးဝယ်နေရတယ်။ အရင်က တစ်ဂါလန် တစ်သောင်းခွဲ၊ နောက်တော့ တစ်သောင်းခုနစ်ထောင်၊ ဒီနေ့ဆိုရင် နှစ်သောင်းကျော်သွားပြီ။ တစ်နေ့ချင်းကို ဈေးက ခုန်တက်သွားတာ။
DW ။ နယ်ဘက်မှာရော အလွယ်တကူ ဝယ်လို့ရလား၊ ဘယ်လိုရှာဝယ်နေရလဲ။
ဖြေ ။ ဈေးတက်နေတဲ့အချိန်မှာ ရှိတဲ့သူတွေက အလွယ်တကူ ထုတ်မရောင်းကြတော့ဘူး။ ဝယ်လို့ရနိုင်တဲ့နေရာ မှန်သမျှ လိုက်ရှာဝယ်နေရတာပေါ့။ နေ့စဉ် စက်သုံးဆီသုံးပြီး အလုပ်လုပ်ရတဲ့သူတွေအတွက် တော်တော်ပင်ပန်းပါတယ်။ ဆိုင်ကယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူး၊ နှစ်ထောင်၊ သုံးထောင်ဖိုးလောက် ထည့်စီးလို့ရသေးတယ်။ ဂါလန်ချီ သုံးရမယ့်သူတွေကျတော့ ဟိုဆိုင်တစ်ဂါလန်၊ ဒီဆိုင်တစ်ဂါလန် လိုက်တောင်းဝယ်နေရတာ။ ဈေးကလည်း တစ်ရွာနဲ့တစ်ရွာ မတူဘူး။
DW ။ လောင်းလုံးနယ်ဘက်မှာ ဆီပြတ်နိုင်ခြေရှိလား၊ ရှေ့ဆက် ဘာဖြစ်လာနိုင်လဲ။
ဖြေ ။ ပြတ်နေပြီလို့ ပြောလို့ရတယ်။ ရှိတဲ့သူတွေက ဈေးတင်ချင်လို့ ထိန်းရောင်းနေကြတာလည်း ပါတာပေါ့။ အခုအချိန်ထိတော့ ဆီက လုံးဝပြတ်မသွားသေးပေမဲ့ ရှာရတာတော့ တော်တော်ခက်နေတဲ့ အနေအထားပါ။
DW ။ မီးစက်အငှားလိုက်သူတစ်ယောက်အနေနဲ့ကော ဘာတွေ ကြုံနေရပြီလဲ။
ဖြေ ။ ရှာရတာ ပင်ပန်းသလောက် ဈေးကလည်း လိုက်တက်နေတော့၊ လုံးဝဝယ်မရတော့ရင် ရပ်နားရဖို့ပဲ ရှိတာပေါ့။ ကျွန်တော့်မှာ အလုပ်အတွက် တစ်ရက်ကို ၈ ဂါလန်လောက် လိုတယ်။ အခု သုံးရက်စာအတွက် ရှာတာ တစ်ရက်စာပဲ စုဆောင်းလို့ ရသေးတယ်။ အဲဒါကြောင့် တော်တော်ခက်ခဲပါတယ်။
DW ။ ဆီဆိုင်အချို့ အရောင်းရပ်သွားတာမျိုးရော ရှိလား။
ဖြေ ။ အရင်က ဆယ်ဆိုင်လောက်ရှိတာ၊ အခု နှစ်ဆိုင်လောက်ပဲ ဖွင့်တော့တယ်။ အဲဒီနှစ်ဆိုင်ထဲမှာတောင် တစ်ဆိုင်က ပုံမှန်ဖွင့်တာ မဟုတ်ဘူး။ နောက်တစ်ဆိုင်ကတော့ ဆီရှိပေမဲ့ တော်ရုံ ထုတ်မရောင်းပေးဘူး။
DW ။ စက်သုံးဆီနဲ့ ပတ်သက်ပြီး အခြား ဘာအခက်အခဲတွေ ရှိသေးလဲ။
ဖြေ ။ အခုက လယ်လုပ်ချိန် မဟုတ်သေးလို့ တော်သေးတယ်လို့ ပြောရမယ်။ ဒါပေမဲ့ နေ့စား မြက်ခုတ်သမားနဲ့ ချိန်းစော(လွှစက်)သမားတွေကျတော့ တော်တော်ပင်ပန်းတယ်။ သူတို့က ငှားမယ့်သူရှိမှ လုပ်ရတာ၊ အခုက ငှားမယ့်သူရှိရင်တောင် ဆီရှာမရရင် အလုပ်ပျက်ပြီး စားဝတ်နေရေး ထိခိုက်ကုန်တာပေါ့။
“ကူးတို့တွေ ဆီလက်ကျန် လုံးဝမရှိတော့ရင် နားရမယ်။ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးတာကအစ ခက်ခဲလာနိုင်တယ်”
(တနင်္သာရီမြို့နယ်၊ တကူရွာသားတစ်ဦး)
DW ။ ကျေးရွာထဲမှာ ဓာတ်ဆီအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ ဓာတ်ဆီက ဝယ်မရတော့ဘူး။ ကျွန်တော်တို့ဘက်မှာ ဆီဆိုင်တွေ အကုန်လုံး ပိတ်သွားပြီ။ ဆီလုံးဝ ဝယ်မရတော့တာ။ တချို့တွေက ရှိချင်လည်း ရှိမှာပေါ့၊ ဒါပေမဲ့ မရောင်းကြတော့ဘူး။ တချို့ဆိုင်တွေကျတော့လည်း လုံးဝကုန်သွားတာ။
DW ။ ဆီပြတ်လပ်သွားတော့ သွားလာရေးနဲ့ အလုပ်အကိုင်တွေ ဘယ်လိုဖြစ်နေလဲ။
ဖြေ ။ လောလောဆယ် ချက်ချင်းဖြစ်တဲ့ ပြဿနာဆိုတော့ ထူးထူးခြားခြား မရှိသေးဘူး။ အလုပ်သွားရမယ့်နေရာတွေကို ခေတ္တနားပြီး အခြေအနေ စောင့်ကြည့်နေကြတယ်။ ဆီပြန်ဝင်လာရင် ဈေးကြီးပေးရရင်လည်း ဝယ်ရမှာပဲ။ ကွမ်းသီးတွေ တိုက်နေရတဲ့အချိန်ဆိုတော့လေ။ ဒါပေမဲ့ အခုကတော့ စောင့်ကြည့်နေတုန်းပါပဲ။
DW ။ ရွာထဲမှာ ဆီမရလို့ ရပ်နားသွားတဲ့ အလုပ်တွေရှိလား။
ဖြေ ။ ချက်ချင်းကြီးတော့ မရှိသေးဘူး။ အရင်က ဆီလက်ကျန်လေးတွေ ရှိနေသေးလို့ လုပ်နေကြတုန်းပဲ။ ဒါပေမဲ့ နောက်ရက်တွေမှာတော့ ထူးခြားလာမယ်။ အရမ်းဆီသုံးရမယ့် အလုပ်မျိုးဆိုရင် လျှော့ချလိုက်ရလိမ့်မယ်။ ကူးတို့တွေဆိုရင်လည်း အခုတော့ ပုံမှန်အတိုင်း သွားနေတုန်းပါပဲ။
DW ။ တကယ်လို့ ဆီလုံးဝ ပြတ်သွားရင် ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ ။ ဆီနဲ့ ရပ်တည်ရတဲ့ အလုပ်တွေ နားရလိမ့်မယ်။ အထူးသဖြင့် ကူးတို့တွေ ဆီမရှိရင် နားရမယ်၊ အဲဒီအခါ ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးဖို့ ခက်ခဲလာမယ်။ အရင်ကလည်း ဒီလောက်အထိ ဆီပြတ်တာမျိုး မကြုံဖူးတော့ အခြေအနေတစ်ခု ပြောင်းသွားနိုင်တယ်။
DW ။ ဆီလည်း မဝင်တော့ဘူး၊ အလုပ်လည်း မလုပ်ရတော့ဘူးဆိုရင် ဒေသခံတွေ ဘာတွေ ရင်ဆိုင်ရနိုင်လဲ။
ဖြေ ။ ကုန်ဈေးနှုန်း ကြီးမြင့်တာရယ်၊ သယ်ယူပို့ဆောင်ရေး ထိခိုက်တာရယ် ကြုံရမယ်။ ဒီမှာက အရာအားလုံးကို အပြင်ကနေ သယ်ယူရတာဆိုတော့ ဆီမရှိရင် သယ်လို့မရတော့ဘူး။ ကုန်ဈေးနှုန်းတွေက ပုံမှန်ထက် ပိုတက်သွားလိမ့်မယ်။ အခု ကွမ်းသီးရာသီမှာ အလုပ်သမားတွေ ပိုပြီး နစ်နာမှာပါ။
“သူတို့လည်း ခွဲတမ်းနဲ့ပဲ ရောင်းပေးတာဆိုတော့ ကိုယ့်အလှည့်ရောက်ဖို့ စောင့်နေရတယ်”
(ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင် မန်နေဂျာတစ်ဦး)
DW ။ အခုလက်ရှိ ရောင်းချပေးနိုင်တဲ့ စက်သုံးဆီလက်ကျန် ဘယ်လောက်ရှိသေးလဲ။
ဖြေ ။ ဒီနေ့ (မတ်လ ၇ ရက် မနက်ပိုင်း) မှာ ရောင်းပေးနိုင်တာ လီတာ ၆,၀၀၀ ရှိပါတယ်။ အဲဒါကုန်ရင်တော့ မရှိတော့ဘူး။
DW ။ ရန်ကုန်ကို ထပ်ပြီး ဆီမှာထားတာရော ရှိသလား။
ဖြေ ။ မှာတော့ မှာထားတယ်။ သူတို့ဘက်ကလည်း ခွဲတမ်းနဲ့ပဲ ရောင်းပေးတာဆိုတော့ ကိုယ့်အလှည့်ရောက်ဖို့ စောင့်နေရတယ်။ အခုထိတော့ (ထားဝယ်ကို) ဆင်းမလာသေးဘူး။ ဆီကားမရောက်လာရင် ကြားထဲမှာ ဆီပြတ်သွားနိုင်တယ်။
DW ။ ထားဝယ်မှာ စက်သုံးဆီ ပြတ်လပ်နိုင်ခြေ ရှိလား။
ဖြေ ။ အဲဒါတော့ အသေအချာ မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ရန်ကုန်ရုံးချုပ်က ချပေးတာကိုပဲ ရောင်းရတာဆိုတော့ ရုံးချုပ်ကို မေးမှပဲ သိနိုင်မှာပါ။
DW ။ ထားဝယ်မှာ ဆီလိုသလောက် ဝယ်မရတာက ဘာကြောင့်လဲ။
ဖြေ ။ လူတွေက ကြောက်အားလန့်အားနဲ့ စုပြုံတိုးဝယ်ကြလို့ပါ။ ပုံမှန်အတိုင်း ရောင်းဝယ်နေရင် ပြတ်စရာ အကြောင်းမရှိဘူး။ အခုက သိုလှောင်ဖို့ လုဝယ်နေကြတော့ ဆီပြတ်ကုန်တာ။ လာဝယ်ရင်လည်း မရောင်းပေးလို့ မရတော့ ကုန်ခါနီးမှ ထိန်းရောင်းနေရသလို ဖြစ်နေတာပါ။







