ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် မော်တော်ယာဉ်များ စုံရက်၊ မရက် ခွဲခြားမောင်းနှင်ရန် စတင်လုပ်ဆောင်

March 7, 2026

ပုံစာ - ဆီဖြည့်ရန်စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များ(ပုံဟောင်း)

ထားဝယ်မြို့တွင် စက်သုံးဆီချွေတာရန် စစ်ကောင်စီ၏ သတ်မှတ်ချက်အရ မော်တော်ယာဉ်များကို စုံရက်၊ မရက် ခွဲခြားမောင်းနှင်အသုံးပြုရန် ယနေ့ မတ်လ ၇ ရက်နေ့မှ ပညာပေးမှု စတင်ဆောင်ရွက်နေကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

လတစ်လ၏ စုံဂဏန်းကျသည့်ရက်တွင် မော်တော်ယာဉ်နံပါတ်ပြားပါ ကိန်းဂဏန်းအက္ခရာ ရှေ့ဆုံးစာလုံးက စုံဂဏန်းဖြစ်သည့်ယာဉ်များသာ မောင်းနှင်ခွင့်ရှိမည်ဖြစ်ပြီး၊ မဂဏန်းကျသည့်ရက်တွင် ရှေ့ဆုံးစာလုံး မဂဏန်းဖြစ်သည့်ယာဉ်များသာ မောင်းနှင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ထားဝယ်မြို့အထွက် DDPC မီးပွိုင့်လမ်းဆုံ၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများကို ပညာပေးအသိပေးခြင်းများ ဆောင်ရွက်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ဒီနေ့ ဆိုင်ကယ်တွေ၊ ကားတွေအကုန်တားပြီး ပညာပေးကာလအဖြစ် ဆောင်ရွက်တယ်ဆိုပြီး စုံရက်၊ မရက်အကြောင်း ပြောတယ်။ အက္ခရာရှေ့က ဂဏန်းကို ကြည့်ရမယ်ဆိုပြီး ဒုရဲမှူးအဆင့်ရှိတဲ့ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ရှင်းပြတယ်” ဟု ယင်းမြို့ခံက ဆိုသည်။

ဥပမာအားဖြင့် မော်တော်ယာဉ်နံပါတ်ပြားတွင် မြန်မာအက္ခရာဖြစ်စေ၊ အင်္ဂလိပ်အက္ခရာဖြစ်စေ အက္ခရာ၏ရှေ့ဆုံးတွင်ရှိသော ဂဏန်းကိုသာ အခြေခံယူရမည်ဖြစ်သည်။

စုံရက်၊ မရက် ခွဲခြားမောင်းနှင်ရမည့် သတ်မှတ်ချက်တွင် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များအားလုံး အကျုံးဝင်မည်ဖြစ်ပြီး မတ်လ ၁၃ ရက်နေ့အထိ ပညာပေးကာလအဖြစ် ဆောင်ရွက်မည်ဟုဆိုသည်။ ယင်းနောက်ပိုင်းတွင် အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု ပြောဆိုခဲ့သော်လည်း မည်သို့အရေးယူမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် စက်သုံးဆီ ခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက်ဟုဆိုကာ မော်တော်ယာဉ်များကို မတ်လ ၇ ရက်နေ့မှစ၍ စုံရက်၊ မရက် သတ်မှတ်ချက်အတိုင်း မောင်းနှင်ကြရန် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော် နေ့စဉ်သယ်ယူပို့ဆောင်ရေးယာဉ်၊ အငှားယာဉ် (Taxi)၊ စက်သုံးဆီသယ်ယာဉ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်၊ ကုန်စည်ပို့ဆောင်ရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်နှင့် စည်ပင်အမှိုက်သိမ်းယာဉ်များကိုမူ အဆိုပါ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။