ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် တောင်ပုရွာက အမျိုးသမီးတစ်ဦးဒဏ်ရာရ

March 7, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံအမျိုးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။

တောင်ပုရွာ ရွှေကြက်ယက်ဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သည် မတ်လ ၆ ရက် ည ၁၀နာရီခွဲတွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ငါးကြိမ် ပစ်ခတ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး တောင်ပုရွာသူ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး လက်နှင့် ပေါင်တို့တွင် ဒဏ်ရာရကြောင်း ၎င်းက ပြောဆိုသည်။

“လက်နက်ကြီး(ကျည်)က နေအိမ်တစ်ဆောင်ပေါ်ကို ကျပြီး အမျိုးသမီးတစ်ယောက် ဒဏ်ရာရသွားတယ်။ မြိတ်ဆေးရုံကို ပို့လိုက်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

လက်နက်ကြီးကျည်တစ်လုံးမှာ နေအိမ်ကို ထိမှန်ခြင်းဖြစ်ပြီး ကျန် လေးကြိမ်မှာလည်း နေအိမ် အနီးဝန်းကျင်များတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။

တောင်ပုရွာရှိဒေသခံများသည် စစ်အာဏာရှင်တပ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်လျှင် ရွာမှပြောင်းရွှေ့နေထိုင်ကြပြီး အခြေအနေငြိမ်လျှင် ရွာတွင် ပြန်လည်နေထိုင်လေ့ရှိကြကြောင်း ၎င်းက ပြောဆိုသည်။

“တိုက်ပွဲဖြစ်တာ မရှိဘဲပစ်တယ်။ တောင်ပေါ်ကနေ ရွာထဲကို ပစ်ခတ်တယ်။ ရွာသားတွေ ရွာထဲပြန်လာနေတာ သိပ်မကြာ‌သေးဘူး။ အခုရောက်နေတဲ့ (စစ်အာဏာရှင်တပ်သား) တွေက (မတ်လ) ၄ရက်နေ့ကမှ ချိန်းထားတဲ့ လူသစ်တွေ” ဟု အထက်ပါ ဒေသခံက ပြောသည်။

ပြီးခဲ့သည် ဖေဖော်ဝါရီလ ၄ရက်ကမူ တောင်ပုရွာဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။