ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်

March 7, 2026

သရက်ချောင်းမြို့နယ်ဘက်မှ ထားဝယ်မြို့သို့ ဝင်ရောက်သည့် ပေါက်တိုင်းတံတား စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ် မတ်လ ၆ ရက် နံနက်ပိုင်းက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် လမ်းသွားလမ်းလာများထံမှ သိရသည်။

ကျောက်ရပ်ရွာဘက်ခြမ်း တံတားထိပ်ရှိ စစ်ရေးဂိတ်၏ ဘန်ကာကို ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဖြစ်စဥ်အနီးရှိခဲ့သည့် ယာဥ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

ယင်းသို့ ဗုံးချချိန် ထားဝယ်မြို့ဘက်ခြမ်း တံတားထိပ်တွင်လည်း အဖွဲ့တစ်ဖွဲ့က ဘီးခွန်ကောက်နေကြောင်း ၎င်းက ဆိုသည်။

“ဒရုန်းနဲ့ ချခံရတာက ကျောက်ရပ်ရွာဘက်က စစ်ဆေးရေးဂိတ် ဘန်ကာဘက်ကို ဗုံးသီးကျတယ်။ ပေါက်ကွဲသံ တစ်ချက်ပဲ ကြားရတယ်။ ဘီးခွန်ကောက်နေတဲ့အဖွဲ့လည်း ပြေးတာပဲ” ဟု ၎င်းက ပြောဆိုသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်အနီးသို့ လူနာတင်ယာဥ်တစ်စီး ရောက်လာကြောင်း မျက်မြင်တွေ့ရသည့် ကျောက်ရပ်ရွာသားများ ပြောသည်။

ထိခိုက်မှု အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်အပါအဝင် ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ အချို့ထံ အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မေးမြန်းရာ စုံစမ်းနေဆဲဖြစ်ကြောင်း တုံ့ပြန် ဖြေကြားကြသည်။

အထက်ပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ယနေ့ မတ်လ ၇ ရက်နေ့လယ်ပိုင်းအထိ မည်သည့်အဖွဲ့ကမျှ ထုတ်ပြန်ခြင်း မတွေ့ရသေးပေ။

ဒရုန်းဖြင့် ဗုံးချသည့် ဖြစ်စဥ်ကြောင့် မတ်လ ၆ရက် နံနက် ခရီးသည်နှင့် ကားအချို့ ခေတ္တရပ်တန့်ခဲ့ရသော်လည်း လမ်းပိတ်ခဲ့ခြင်း မရှိကြောင်း လမ်းသွားလမ်းလာများထံမှ သိရသည်။

ယနေ့ မတ်လ ၇ရက်တွင် အဆိုပါစစ်ဆေးရေးဂိတ်တွင် ခရီးသည်များနှင့် ကားများ ပုံမှန်အတိုင်းသွားလာနေကြကြောင်း ဂိတ်တည်ရှိရာ ကျောက်ရပ်ရွာမှ ဒေသခံများက ဆိုသည် ။

ပေါက်တိုင်းတံတားသည် မြိတ်-ထားဝယ်ကားလမ်းပေါ်တွင် တည်ရှိပြီး အဆိုပါတံတားဂိတ်ကို တော်လှန်ရေးတပ်များ မကြာခဏ လာရောက်ပစ်ခတ်လေ့ရှိသည်။