ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း တိုက်ပွဲပြင်းထန်သည့်ဒေသတွင် စားသောက်ကုန်များ ဈေးကြီးပေးရ

March 7, 2026

ဓာတ်ပုံ - Dawei Watch

နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် သရက်ချောင်းမြို့နယ် အောက်ပိုင်းက ဒေသခံများ စားနပ်ရိက္ခာများကို ဈေးကြီးပေး ဝယ်စားနေရကြောင်း စစ်ဘေးရှောင်ဒေသခံများက ပြောသည်။

သရက်ချောင်းမြို့နှင့် ပုလောမြို့နယ်၊ ပလောက်မြို့ကြား မြိတ်-ထားဝယ်ကားလမ်းရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝရွာစခန်းနှင့် ဝင်းဝဘက်သို့ လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်နေသည်။

စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်စစ်ကြောင်းထိုးသည့်အပြင် ရေတပ်စစ်သင်္ဘော ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ကြည်း၊ ရေ၊ လေ ဖြင့် ပြန်လည်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေသည်။

ထို့ကြောင့် ဝင်းဝ၊ မင်းဒပ်၊ သိမ်ကုန်း၊ ဝဲရစ်၊ စုံစင်ဖျား၊ ချောင်းဝပြင်၊ ဂုံညင်းဆိပ်၊ သဲချောင်းကြီး၊ ပြင်းဖြူသား၊ ကနက်သီရိ အပါအဝင် ကျေးရွာပေါင်း နှစ်ဆယ်ခန့်က ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်။

မြိတ်-ထားဝယ်ကားလမ်းကို ဖေဖော်ဝါရီလ ၈ ရက်ကတည်းက ပိတ်ထားသဖြင့် အခြေခံစားသောက်ကုန်များ သယ်ယူပို့ဆောင်ရောင်းချ၍ မရသဖြင့် ဒေသတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုများကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် ဒေသခံများက ပြောသည်။

ကြက်သွန်နီတစ်ပိဿာလျှင် ယခင်က ၂၅၀၀ ကျပ်ခန့်သာ ရှိသော်လည်း ယခု တစ်သောင်းကျပ်ဖြစ်လာပြီး ကြက်သွန်ဖြူ တစ်လုံးကို တစ်ထောင်ကျပ်၊ ယခင်က ဂေါ်ဖီတစ်ထုပ်လျှင် ငါးထောင်ကျပ်မှ ယခု တစ်သောင်းကျပ်၊ ငါးရာကျပ် စျေးရှိခဲ့ သည့် ကြက်ဥတစ်လုံးမှာလည်း ကိုးရာကျပ်ဖြစ်လာကြောင်း ကနက်သီရိကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

“အရင်က ဖွယ်ဖွယ်ရာရာ စားနေပေမယ့် အခုဆို အမယ်လျှော့ ချက်စားရတာပေါ့။ အခုက လက်ရှိ လုပ်နေတဲ့အလုပ် မလုပ်ရလို့ ဝင်ငွေမရှိသလောက်ပါဆို ထွက်ငွေများနေတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ဝင်းဝနှင့် ဝဲရစ် စသည့်ကျေးရွာများမှာလည်း ခရမ်းချည်သီးအမှည့် တစ်လုံးကို တစ်ထောင်ကျပ် ပေးဝယ်စားရပြီး အသား၊ ငါးနှင့် စားသုံးဆီ ဈေးနှုန်းများလည်း နှစ်ဆ၊ သုံးဆနီးပါး တက်လာကြောင်း ဒေသခံအချို့က ဆိုသည်။

“တချို့နေရာတွေ ခရမ်းချဥ်သီးတစ်လုံး တစ်ထောင်ပေးဝယ်နေရတယ်တဲ့” ဟု ဝင်းဝကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ထားဝယ်မြို့မှ ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် စားသောက်ကုန်များကို ခက်ခက်ခဲခဲ သယ်ဆောင်နေရသဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်ရခြင်းဖြစ်သည်ဟု စားသောက်ကုန်ရောင်းသူများက ဆိုကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ ယနေ့ မတ်လ ၅ ရက်အထိ သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ်ကားလမ်း တစ်လျှောက်တွင် နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများနေ့စဉ်ဖြစ်ပွားနေပြီး ကနက်သီရိအနီး ပင်လယ်ပြင်က စစ်သင်္ဘောကလည်း ဝင်းဝစခန်း အနီးဝန်းကျင် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံအချို့က ပြောသည်။

တိုက်ပွဲကာလ ရက်ရှည်ဖြစ်လာသဖြင့် ဒေသခံအချို့ ထားဝယ်မြို့ပေါ်သို့ ပြောင်းရွှေ့ကြကြောင်း ဒေသခံအချို့က ပြောဆိုသည်။