ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပန်းချီဆရာကြီး ဗဂျီအောင်တင်(မြိတ်) ကွယ်လွန်

March 7, 2026

ပုံစာ - ဗဂျီအောင်တင်(မြိတ်)

မြိတ်ဒေသခံ ပန်းချီဆရာကြီး တစ်ဦးဖြစ်သည့် ဗဂျီအောင်တင် (မြိတ်) သည် မတ်လ ၅ ရက်နေ့ ညနေပိုင်းက မြိတ်မြို့ ၊ သာကေတရပ် နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း မြိတ်ဒေသခံ စာပေနှင့်အနုပညာအသိုင်းအဝိုင်းထံမှ သိရသည် ။

ဗဂျီအောင်တင်သည် ကွယ်လွန်ချိန်၌ အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး လူကြီးရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်သည် ။

၎င်းသည် မြန်မာ့ပန်းချီကျော် ဦးသိန်းဟန် ၏ တပည့်တစ်ဦး ဖြစ်ပြီး မြိတ်တွင်ရုပ်ရှင်ပိုစတာများနှင့် အခမ်းအနားနောက်ခံ ပန်းချီကားချပ်ကြီးများစွာကို ရေးဆွဲခဲ့သူဖြစ်သည် ။

ယင်းအပြင် မြိတ်မဂ္ဂဇင်း ထုတ်ဝေရာ၌လည်း ပန်းချီပညာဆိုင်ရာ ကော်မတီဝင်အဖြစ်ပါဝင်ခဲ့ပြီး ၊ မြိတ်တွင်ကျင်းပသည့် ပန်းချီပြိုင်ပွဲများ၌ အကဲဖြတ်ဒိုင်အဖြစ်တာဝန်ယူခဲ့သူ တစ်ဦးလည်း ဖြစ်သည် ။

ဗဂျီအောင်တင် ၏ စျာပနကို ယနေ့ မတ်လ ၇ ရက် နေ့လယ်ပိုင်း၌ မြိတ်မြို့ ကလွင်ဘာသာပေါင်းစုံသုသာန်၌ ပြုလုပ်၍ သင်္ဂြိုဟ်မည်ဖြစ်သည် ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း ထားဝယ်ဒေသခံ ပန်းချီဆရာကြီး တစ်ဦးဖြစ်သည့် ပန်းချီသိန်းမြင့်သိန်း ကွယ်လွန်ခဲ့သေးသည် ။