ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပါကစ္စတန်မြို့တော်တွင် အသေခံဗုံးခွဲ တိုက်ခိုက်ခံရပြီး လူ ၃၀ ကျော် သေဆုံး

February 7, 2026

ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီအာမွတ်စလင်ဗလီတစ်ခုတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က သောကြာနေ့ ဝတ်ပြုဆုတောင်းနေစဉ်အတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်းဒါဇင်နှင့်ချီ သေဆုံးပြီး ၁၆၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် မိမိတို့ လက်ချက်ဖြစ်ကြောင်း IS အဖွဲ့က ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ထုတ်ပြန်ထားရာ အသေခံဗုံးခွဲသူဟု ယူဆရသူ၏ အမည်နှင့် ဓာတ်ပုံကိုပါ ထည့်သွင်းဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါဓာတ်ပုံမှာ အစစ်အမှန်ဟုတ်မဟုတ် အတည်မပြုနိုင်သေးကြောင်း CNN သတင်းဌာနက ဆိုသည်။

အစ္စလာမ္မာဘတ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယနေ့ စနေနေ့မွန်းလွဲပိုင်းအထိ သေဆုံးသူအရေအတွက်မှာ ၃၂ ဦးရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အသေခံဗုံးခွဲသမားသည် ဗလီအတွင်းသို့ ၎င်း မဝင်ရောက်နိုင်ရန် တားဆီးခဲ့သည့် လုံခြုံရေးဝန်ထမ်းများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ ယင်းနောက် ၎င်း ဝတ်ဆင်ထားသည့် ဗုံးထည့်ထားသော အင်္ကျီကို ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း IS အဖွဲ့က ဆိုသည်။ ထို့ပြင် နောက်ထပ် တိုက်ခိုက်မှုတွေ လာဦးမည် ဖြစ်ကြောင်း IS အဖွဲ့က အဆိုပါ တယ်လီဂရမ် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

ယခု ဖြစ်စဉ်သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပက်ရှ်ဝါမြို့ရှိ ဗလီတစ်ခုတွင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ပါကစ္စတန်နိုင်ငံအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

Source: CNN