ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၂၀၂၆ ထိုင်းရွေးကောက်ပွဲနဲ့ လိမ္မော်ရောင်လှိုင်း

February 7, 2026

ထိုင်းနိုင်ငံကို အပြောင်းအလဲလုပ်ချင်တဲ့ နိုင်ငံရေးပါတီတိုင်းအတွက် ရွေးကောက်ပွဲနိုင်တာနဲ့ အာဏာရတာဟာ လုံးဝတခြားစီပဲဆိုတာကို ခါးသီးတဲ့ အတွေ့အကြုံတွေက ပြထားပြီးသားပါ။

ထိုင်းဘုရင့်နိုင်ငံမှာ နိုင်ငံရေးသမားတွေ ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဘုရင်စနစ်ရဲ့ အထွတ်အထိပ်အာဏာကို ဦးထိပ်ထား အလုပ်အကျွေး ပြုနေကြပါတယ်။

ဒီနိုင်ငံမှာ ကွန်ဆာဗေးတစ်ဝါဒီတွေကပဲ အစိုးရအာဏာကို ချုပ်ကိုင်ထားကြတယ်။ ကွန်ဆာဗေးတစ်ဝါဒီတွေဟာ ရွေးကောက်ပွဲတွေကို လုပ်ခွင့်ပေးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်နိုင်တယ်လို့ ယူဆတဲ့ ရွေးကောက်ပွဲအောင်ပန်းရှင်တွေကို ဖြုတ်ချဖို့ အာဏာသိမ်းပွဲ မဟုတ်ရင် အခြားသော နိုင်ငံရေးပရိယာယ်တွေကို ဖန်တီးလေ့ ရှိပါတယ်။

ဒါပေမဲ့ မနက်ဖြန် (ဖေဖော်ဝါရီ ၈) မှာကျင်းပမယ့် ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာတော့ အခြေအနေတွေ ထူးခြားလာနိုင်တယ်လို့ နက်တာဖွန် ရူအန်ပန်ယာဝပ်က ပြောပါတယ်။ သူက ဒီမိုကရေစီလိုလားတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ပြည်သူ့ပါတီရဲ့ ခေါင်းဆောင်ပါ။

လွန်ခဲ့တဲ့ သုံးနှစ်က အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရခဲ့ပေမဲ့ အတိုက်အခံဘဝကိုသာ ပြန်ပို့ခံလိုက်ရတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးကို ဦးဆောင်နေသူဖြစ်ပါတယ်။ သူ့ကို “တဲင်” လို့ လူသိများပါတယ်။

“ဒါဟာ ၁၅ နှစ်အတွင်းမှာ အစိုးရဖွဲ့နိုင်ရေးကို ပြည်သူ့ဆန္ဒက အမှန်တကယ် အဆုံးအဖြတ်ပေးနိုင်မယ့် ပထမဆုံးအကြိမ် ဖြစ်လာပါလိမ့်မယ်” လို့ တဲင်က This Week in Asia ကို ပြောပါတယ်။ ပြည်သူ့ပါတီရဲ့ ထူးခြားတဲ့ လိမ္မော်ရောင်ဝတ်စုံတွေ ဆင်တူဝတ်ဆင်ထားတဲ့ သူ့အဖွဲ့နဲ့အတူ စမွတ်ပရာကန်က ဈေးတစ်ခုမှာ မဲဆွယ်စည်းရုံးရင်း သူ အခုလို ပြောခဲ့တာပါ။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှစ်ခုမှာတော့ ဝန်ကြီးချုပ်ကို ရွေးချယ်ရာမှာ အထက်လွှတ်တော်အမတ်တွေက မဲပေးပိုင်ခွင့်ရှိခဲ့ပါတယ်၊ အခုရွေးကောက်ပွဲကတော့ ဝန်ကြီးချုပ်ရွေးချယ်ရေးမှာ အဲဒီအထက်လွှတ်တော် အမတ်တွေရဲ့ အာဏာမရှိတော့တဲ့ ပထမဆုံးအကြိမ်ပါပဲ” လို့ သူက ဆိုခဲ့ပါတယ်။

၂၀၂၄ မှာ စတင်ခဲ့တဲ့ ထိုင်းအထက်လွှတ်တော်သစ်ဟာ ဝန်ကြီးချုပ်ရွေးချယ်ရာမှာ မဲပေးခွင့် မရှိတော့ပါဘူး။

အခု ဖေဖော်ဝါရီလ ရွေးကောက်ပွဲကနေ ပြည်သူတွေ တိုက်ရိုက်ရွေးချယ်တင်မြှောက်လိုက်တဲ့ အောက်လွှတ်တော်အမတ် ၅၀၀ ကသာ ဝန်ကြီးချုပ်ဘယ်သူဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

၂၀၂၃ ရွေးကောက်ပွဲတုန်းက ပြည်သူ့ပါတီရဲ့ အရင်ဗားရှင်းဖြစ်တဲ့ Move Forward ပါတီဟာ ဆန္ဒမဲ ၁၄ သန်းနဲ့အတူ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ ထဲမှာ ၁၅၁ နေရာအထိ အများဆုံး အနိုင်ရရှိခဲ့ပါတယ်။

အဂတိလိုက်စားတဲ့ အထိန်းအကွပ်မဲ့ မိုနိုပိုလီလက်ဝါးကြီးအုပ်လုပ်ငန်းတွေကို ကန့်သတ်တာ ၊ အာဏာခွဲဝေပြီး ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားကို ပြောင်းလဲတာနဲ့ ဘုရင်စနစ်အပေါ် ဝေဖန်မှုကို တားမြစ်ထားတဲ့ lèse-majesté ဥပဒေကို ပြင်ဆင်တာ စတဲ့ Move Forward ပါတီရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ထောက်ခံတဲ့ ပြည်သူ့ဆန္ဒအတိုင်း တိုးတက်တဲ့ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဦးဆောင်နိုင်ဖို့ အဲဒီအောင်မြင်မှုက လုံလောက်ခဲ့ရမှာပါ။

ဒါပေမဲ့ ၂၀၁၄ အာဏာသိမ်းမှုနောက်ပိုင်း စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်ရွေးချယ်ခန့်အပ်ထားတဲ့ ကွန်ဆာဗေးတစ်ဝါဒီ အထက်လွှတ်တော်အမတ်တွေဟာ ဝန်ကြီးချုပ်လောင်း ပီထာ့လင်ဂျရွန်ရက်ကို ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။

လွှတ်တော်နှစ်ရပ်ပေါင်း မဲခွဲရာမှာ အဲဒီအထက်လွှတ်တော်အမတ် ၂၅၀ ရဲ့ မဲတွေကြောင့်ပဲ ဖီထာဟာ ဝန်ကြီးချုပ်ရာထူးကနေ ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို ဟန့်တားထားတဲ့ lèse-majesté ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

အဲဒီနောက်မှာတော့ တရားရုံးတွေက Move Forward ပါတီကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါဟာ အရင်က Future Forward ပါတီတုန်းကလိုပဲ ပုံစံတူ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ Move Forward ပါတီက လွှတ်တော်အမတ်တွေဟာ ပြည်သူ့ပါတီ (People’s Party) အနေနဲ့ ပြန်လည်စုဖွဲ့ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံရေးကို ပြောင်းလဲဖို့ဆိုတဲ့ ခက်ခဲကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အသက် ၃၈ နှစ်အရွယ် ဆော့ဖ်ဝဲအင်ဂျင်နီယာ “တဲင်” ကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။

“ထိုင်းပြည်သူတွေဟာ သူတို့အစိုးရကို သူတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်နိုင်မယ့် စစ်မှန်တဲ့အာဏာကို ရရှိတော့မှာပါ” လို့ တဲင်က ပြောပါတယ်။

ဒါပေမဲ့ “ပတ်စွန်” (ထိုင်းလို လိမ္မော်ရောင်ပါတီ) လို့ ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့ပါတီအတွက် အနိုင်ရဖို့ဆိုတာကတော့ သေချာပေါက် အာမခံချက်ရှိနေတာမျိုး မဟုတ်ပါဘူး။

တဲင်ဟာ ဟားဗတ်ဘွဲ့ရ ပီထာ့ မဟုတ်ပါဘူး။ သူ့ရဲ့ ကြယ်ပွင့်အရည်အသွေးနဲ့ K-Pop စတားလို ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် ပီထာ့ရဲ့ ထင်ပေါ်ကျော်ကြားမှုဟာ နိုင်ငံရေးနယ်ပယ်ကို ကျော်လွန်ပေါက်မြောက်ခဲ့တာပါ။

ပြည်သူ့ပါတီကလည်း ပြောင်းလဲလာခဲ့ပါတယ်။

တဲင်ဟာ အဓိကပြဿနာတချို့မှာ အလျော့အတင်း လုပ်လာခဲ့ပါတယ်။ အဲဒီထဲမှာ ဘုရင်စနစ်ကို ကာကွယ်ပေးထားတဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲရေးဆိုတာကို မဲဆွယ်ကတိကဝတ်စာရင်းကနေ ပယ်ဖျက်လိုက်တာလည်း ပါဝင်ပါတယ်။

တချို့ကလည်း ဒါကို ပါးနပ်တဲ့ နိုင်ငံရေးကစားကွက်လို့ မြင်ကြသလို ၊ စံနှုန်းအခြေပြုလွန်းတယ်လို့ ဝေဖန်ခံရလေ့ရှိတဲ့ ဒီလှုပ်ရှားမှုအတွက် လက်တွေ့ကျကျ စဉ်းစားလာတာလို့လည်း ရှုမြင်ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး အတိုက်အခံဘဝနဲ့ပဲ ရပ်တည်ခဲ့ရတဲ့ ပြည်သူ့ပါတီဟာ သူတို့ရဲ့ ပဓာနစံတန်ဖိုးတွေကို သစ္စာဖောက်လိုက်တာပဲလို့ မြင်ကြတာလည်း ရှိပါတယ်။

ခြုံငုံကြည့်မယ်ဆိုရင်တော့ အခြေအနေတွေဟာ တဲင်အဖို့ အခက်တွေ့စရာပါပဲ။ နိုင်ငံရေးရေစီးအရှိန်ကလည်း ကွန်ဆာဗေးတစ်ဝါဒီတွေဘက်ကို ပြန်ရွေ့နေပါတယ်။

လက်ရှိ ဝန်ကြီးချုပ် အနုတင်ချန်ဝီရာကူးလ်ဟာ ထိုင်းနိုင်ငံထဲက ဘုရင်စနစ်လိုလားတဲ့ ကွန်ဆာဗေးတစ်ဝါဒီတွေရဲ့ အဓိကခေါင်းဆောင်တစ်ယောက်အနေနဲ့ ပေါ်ထွက်လာနေပါတယ်။ အနုတင်ရဲ့ ဖွန်ကျန်ထိုင်းပါတီဟာ ၂၀၂၃ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အကွာနဲ့ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ မဲအင်အားအမြောက်အမြားကို သိမ်းပိုက်ထားတဲ့ နိုင်ငံထဲက နိုင်ငံရေးနန်းဆက်တွေရဲ့ အကူအညီနဲ့ ထိပ်ဆုံးနေရာကို အရယူဖို့ ရည်မှန်းထားပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားနဲ့ ဖြစ်နေတဲ့ နယ်စပ်ပဋိပက္ခကြောင့် အမျိုးသားရေးစိတ်ဓာတ်တွေ မြင့်တက်လာတာကလည်း အနုတင်ဖို့ အသာစီးရစေမည့် အထောက်အကူတွေ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲ မဲပေးပေး ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးလို့ ထိုင်းပြည်သူအတော်များများက ယူဆနေကြပါတယ်။ ကြိုတင်ကောက်ယူထားတဲ့ လူထုသဘောထားစစ်တမ်းတွေအရ ထိုင်းပြည်သူ သုံးပုံတစ်ပုံလောက်ဟာ လာမယ့် ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးရမလဲဆိုတာ ဝေခွဲမရဖြစ်နေကြပါတယ်။

မျှော်လင့်ချက်တွေ ကုန်ဆုံးလာတာဟာ အပြောင်းအလဲအတွက် အတားအဆီးတစ်ခု ဖြစ်နိုင်ပေမဲ့ ဒီမိုကရေစီအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု ပြန်ရှင်သန်လာအောင် လုပ်ဆောင်သွားမယ်လို့ တဲင်က အခိုင်အမာ ပြောပါတယ်။

“တကယ့်အပြောင်းအလဲကို ဖော်ဆောင်ဖို့ ကျွန်တော် ဆာလောင်နေပါတယ်။ ပြည်သူက ဦးဆောင်တဲ့ ၊ ပြည်သူ့အတွက်ဖြစ်တဲ့ အစိုးရတစ်ရပ်ကို ကျွန်တော်တို့ ဖွဲ့စည်းချင်ပါတယ်။ မနက်တိုင်း အိပ်ရာနိုးလာပြီး ပြည်သူတွေက ကားမှန်ချပြီး နှုတ်ဆက်ကြတာကို မြင်ရတဲ့အခါ ပြည်သူတွေနဲ့ စကားသွားပြောဖို့ ခွန်အားတွေ ရပါတယ်” လို့ သူက ဆိုပါတယ်။

“ကျွန်တော် ထင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့အတွက် စစ်မှန်တဲ့ အခွင့်အရေးတစ်ရပ် ရှိနေပြီ”

အချိန်က ကျွန်တော်တို့ရဲ့ မဟာမိတ်ပဲ

ဘယ်သူပဲ အစိုးရသစ်ဖွဲ့ပါစေ။ နောက်တက်လာမယ့် ထိုင်းအစိုးရဟာ စုပြုံနေတဲ့ ပြဿနာပေါင်းစုံကို အမွေဆက်ခံရမှာပါ။

ကမ္ဘောဒီးယားနဲ့ နယ်စပ်အပစ်အခတ်ရပ်စဲရေးက စိတ်မချရသလို၊ ၂၀၂၆ မှာလည်း ထိုင်းစီးပွားရေးဟာ အမေရိကန်ရဲ့ ကုန်သွယ်ခွန်တိုးမြှင့်မှုဒဏ်ကို ခံရဖို့ ရှိနေပါတယ်။ ဒါ့အပြင် အကြွေးတွေ တက်လာတာ၊ လုံခြုံရေးစိုးရိမ်ချက်တွေနဲ့ ဘတ်ငွေတန်ဖိုး စံချိန်တင်လုနီးပါး မြင့်တက်နေတာတွေကြောင့် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု နည်းပါးလာတာတွေကြောင့် ထိုင်းစီးပွားရေးတိုးတက်မှုဟာ ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးအထိ ထိုးကျသွားပါတယ်။

ဒီပြဿနာအားလုံးရဲ့ ဗဟိုချက်ကတော့ မဲခေါင်ဒေသက ငွေလိမ်ဂိုဏ်းတွေဆီကလာတဲ့ ငွေမည်းတွေဟာ ထိုင်းနိုင်ငံရဲ့ ရွှေ၊ ခရစ်ပတို၊ အိမ်ခြံမြေနဲ့ စတော့ရှယ်ယာဈေးကွက်တွေထဲကို အလုံးအရင်းနဲ့ စီးဝင်နေတာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရေးနဲ့ စီးပွားရေးလောကက အီလစ်တွေဟာ ငွေကြေးခဝါချသူတွေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ပြည်သူတွေဟာ အကြီးအကျယ် ထိတ်လန့်နေကြပါတယ်။ ဒါကြောင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ နိုင်ငံရေးပါတီအားလုံးရဲ့ အဓိက မဲဆွယ်စည်းရုံးရေးခေါင်းစဉ် ဖြစ်လာပါတယ်။

နာမည်ကြီး လူသိများတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေတဲ့ အရှုပ်တော်ပုံတွေကို ဖော်ထုတ်ပြီးတော့ ဒီတိုက်ပွဲကို အရှေ့ကနေ ဦးဆောင်နေတာကတော့ ပြည်သူ့ပါတီပါ။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာသိမ်းမှုကနေ အာဏာလွှဲပြောင်းယူခဲ့တဲ့ ကွန်ဆာဗေးတစ်အင်အားစုတွေကို တိုက်ထုတ်ခဲ့ရတဲ့ တိုက်ပွဲပါ” လို့ ပါတီရဲ့ ဒုတိယခေါင်းဆောင် ဝီရော့လက္ခဏာအဒီဆွန်က This Week in Asia ကို ပြောပါတယ်။

“ဒါပေမဲ့ အခုရွေးကောက်ပွဲကတော့ ငွေဖြူငွေမည်းမသဲကွဲတဲ့ နိုင်ငံဖြတ်ကျော်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းနေတဲ့ ကွန်ဆာဗေးတစ်အင်အားစုတွေကို တိုက်ရမယ့် တိုက်ပွဲ ဖြစ်လာပါပြီ”

ဒါပေမဲ့ ပြီးခဲ့တဲ့ အပတ်မှာပဲ ဖြစ်သွားခဲ့တာပါ။ ။ ဘန်ကောက်မြို့အတွက် ပြည်သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းသစ်တစ်ယောက်ဟာ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ပါတီကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

ပိုတန်းတူညီမျှမှု ရှိသော ၊ ပိုသာယာဝပြောသော ၊ အဂတိကင်းစင်သော ထိုင်းနိုင်ငံကို တည်ဆောက်မယ်ဆိုတဲ့ ပြည်သူ့ပါတီရဲ့ မျှော်မှန်းချက်နဲ့အတူ ‘လိမ္မော်ရောင်လှိုင်းလုံး’ ကို နောက်တစ်ကြိမ် ပြန်ရှင်သန်လာအောင် ကြိုးစားနေတဲ့ တဲင်အတွက်တော့ ဒါဟာ မလိုလားအပ်တဲ့ အနှောင့်အယှက်တစ်ခုပါပဲ။

စမွတ်ပရာကန်ဈေးထဲမှာ လူထုကို လိုက်နှုတ်ဆက်နေတဲ့ တဲင်ရဲ့ အဖွဲ့နောက်ကို တိတ်တဆိတ် လိုက်ပါလာသူ ဖနုဖွန်ထရီးဆပ်ဝီရာကူးလ်ကတော့ ပြည်သူ့ပါတီကိုပဲ မဲပေးမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးရေသေကို ကျော်ဖြတ်ပြီး ငွေဖြူငွေမည်း မသဲကွဲတဲ့ လုပ်ငန်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ပြည်သူ့ပါတီကိုပဲ မဲပေးမယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော်က အပြောင်းအလဲအတွက် မဲပေးမှာပါ။ ထိုင်းနိုင်ငံမှာ ဒီနိုင်ငံရေးသမားတွေ၊ ဒီအစိုးရတွေနဲ့ပဲ အချိန်အတော်ကြာ ဖြတ်သန်းခဲ့ရပြီးပြီ။ ကျွန်တော့်နိုင်ငံက ဘာမှလည်း ပြောင်းလဲမလာခဲ့ဘူး” လို့ သတ္တုတင်ပို့ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၃၇ နှစ်အရွယ် ဖနုဖွန်ထရီးဆပ်ဝီရာကူးလ်က ပြောပါတယ်။

ဒါပေမဲ့ အရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုတော့ သူက အရှိကိုအရှိအတိုင်း လက်ခံထားပါတယ်။

“ဒီရွေးကောက်ပွဲတစ်ခုတည်းကနေ ကျွန်တော်တို့ မျှော်မှန်းချက်တွေ ပြည့်ဝလာမယ်လို့တော့ အပြည့်အဝ ယုံကြည်မထားပါဘူး။ ဒါပေမဲ့ မကြာခင်မှာတော့ ဖြစ်လာမှာပါ။ လူငယ် ၉၀ ရာခိုင်နှုန်းက ဒီပါတီကို ထောက်ခံနေကြတယ်။ အချိန်ဆိုတာ ကျွန်တော်တို့ရဲ့ မဟာမိတ်ပဲ”

ဈာန်ဟိန်း

(South China Morning Post မှ This Week in Asia တွင် ဖော်ပြထားသည့် Thailand election 2026: can ‘orange wave’ break conservative grip on power? ဆောင်းပါးကို မူရင်းအာဘော်မပျက် ဆီလျော်အောင် ဘာသာပြန်သည်)