ထိုင်းနိုင်ငံ၏ ၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲကို မနက်ဖြန် ဖေဖော်ဝါရီလ ၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပတော့မည်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ လူဦးရေ ၇၁ သန်းကျော်အနက် မဲပေးခွင့်ရှိသူဦးရေ ၅၃ သန်းကျော်ရှိနေပြီး လွှတ်တော်အမတ် ၅၀၀ ကို မဲပေးရွေးချယ်သွားမည်ဖြစ်သည်။
ယခုရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် ရေးဆွဲရန် သင့်မသင့် လူထုဆန္ဒခံယူပွဲကိုပါ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒမဲပေးရာတွင် ရွေးချယ်ရန် သုံးမျိုးပါဝင်ပြီး ‘သဘောတူ’ ၊ ‘မတူ’ ၊ ‘မှတ်ချက်မပြုလို’ စသည့်ထဲက တစ်ခုကို ရွေးချယ် မဲပေးရမည်ဖြစ်သည်။
မဲရုံများကို နံနက် ၈ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ညနေ ၅ နာရီတွင် ပိတ်သိမ်းကာ မဲစတင်ရေတွက်မည်ဖြစ်သည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ် မေလတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် သုံးနှစ်အတွင်း နောက်တစ်ကြိမ် ပြန်ကျင်းပသော ရွေးကောက်ပွဲဖြစ်သည်။
ပြီးခဲ့သော သုံးနှစ်အတွင်းတွင် စီးပွားရေးလုပ်ငန်းရှင် စေထာထဝီဆင်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ ပေထုန်တန်ရှင်နာဝပ်နှင့် လက်ရှိဝန်ကြီးချုပ် အနုထင်ချန်ဝီရကူတို့ စုစုပေါင်း ဝန်ကြီးချုပ် သုံးဦးအထိ အပြောင်းအလဲ ဖြစ်ခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခပြဿာနာ၊ စီးပွားရေး ကျဆင်းမှုပြဿာနာများနှင့်အတူ နိုင်ငံရေးပါတီများက မဲဆွယ် စည်းရုံးနေကြပြီး မြန်မာအလုပ်သမားအရေးကလည်း မဲဆွယ်စည်းရုံရေး၏ ဗျူဟာတစ်ခုအဖြစ် ပါဝင်လာခဲ့သည်။
လက်ရှိရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီပေါင်း ၅၀ ကျော်အထိရှိပြီး လူငယ်ပါတီဖြစ်သည့် ပြည်သူ့ပါတီ (People’s Party) ၊ သက်ဆင် သမီးဖြစ်သူ၏ ဖွေထိုင်းပါတီ (Pheu Thai) နှင့် လက်ရှိဝန်ကြီးချုပ်၏ Bhumjaithai ပါတီတို့က အဓိကပါတီကြီးများ ဖြစ်သည်။
နိုင်ငံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်လိုသော လူငယ်ပညာတတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီက လက်ရှိရွေးကောက်ပွဲတွင် အနိုင်ရရှိရေး ထိုင်းပြည်သူများကြား ရေပန်းစားနေသည်။
ပြည်သူ့ပါတီ (People’s Party) သည် ပြီးခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရသည့် Move Forward ပါတီ ဖျက်သိမ်း ခံရပြီးနောက် အသစ်ပြန်ဖွဲ့စည်းထားသောပါတီ ဖြစ်သည်။
ဆော့ဝဲအင်ဂျင်နီယာ အသက် ၃၈ နှစ်အရွယ်လူငယ်တစ်ဦးဖြစ်သူ ပြည်သူ့ပါတီ (People’s Party) ခေါင်းဆောင် နတ္တဖွန် ရွမ်ပန်ရာဝတ်(Natthaphong Ruengpanyawut) က လာမည့်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဖြစ်ရေး ရေပန်းစားလျက် ရှိနေသည်။
နောက်ထပ် သက်ဆင်သမီးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန် ရှင်နာဝပ်၏ ဖွေထိုင်းပါတီကလည်း ရွေးကောက်ပွဲတွင် အဓိကပါတီတစ်ခုဖြစ်ပြီး သက်ဆင်၏ တူဖြစ်သူ ယော့ချနန် ဝန်စဝပ် (Yodchanan Wongsawat) ကို ဝန်ကြီးချုပ်လောင်း အဖြစ် လျာထားသည်။
လက်ရှိဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ Bhumjaithai ပါတီကလည်း အဓိကပါတီတစ်ခုဖြစ်သော်လည်း ရွေးကောက်ပွဲတွင် အမတ်အများစု အနိုင်ရရှိခဲ့ဖူးခြင်း မရှိပေ။
Ref: Aljazeera, BBC, Khaosod, DW







