ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်တွင် ခိုလှုံခွင့်တောင်းသူများကို လက်ခံပေးရန် ကာရစ်ဘီယံကျွန်းနိုင်ငံနှစ်ခု သဘောတူ

January 7, 2026

ပုံစာ - အန်တီဂွာနှင့် ဘာဘူဒါ ဝန်ကြီးချုပ် ဂတ်စတွန်ဘရောင်းန်အား ယမန်နှစ် စက်တင်ဘာလက ကုလသမဂ္ဂအထွေထွေညီလာခံတွင် တွေ့ရစဉ်။ ဓာတ်ပုံ - The New York Times

အမေရိကန်ပြည်ထောင်စုတွင် ခိုလှုံခွင့်တောင်းခံထားသည့် နိုင်ငံခြားသားများကို ၎င်းတို့ နိုင်ငံ၌ စတင်လက်ခံထားရှိရန် သဘောတူကြောင်း ကာရစ်ဘီယံကျွန်းနိုင်ငံငယ်နှစ်ခုက ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

ဒိုမီနီကာနိုင်ငံသို့ တတိယနိုင်ငံမှ ဒုက္ခသည်များ ပို့ဆောင်နိုင်ရေးအတွက် အမေရိကန်အစိုးရနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဒိုမီနီကာဝန်ကြီးချုပ် ရုစဗဲ့စကဲရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယင်းသို့ လက်ခံထားရှိရာတွင် နိုင်ငံ့လုံခြုံရေး ထိခိုက်မည့်အရေး ဒိုမီနီကာအစိုးရ၏ စိုးရိမ်ချက်ကို အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက အသိအမှတ်ပြုလက်ခံကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ဒိုမီနီကာနိုင်ငံမှ လက်ခံမည့်သူ အရေအတွက်နှင့် နေထိုင်ရေးအစီအစဉ်ကို အသေးစိတ် မသိရသေးပေ။

လူဦးရေ ၆၆,၀၀၀ ခန့်သာရှိပြီး အရင်းအမြစ်ကန့်သတ်ချက်များသည့် ဒိုမီနီကာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းလာသူအများစုကို လက်ခံနိုင်စွမ်း ရှိမည်မဟုတ်ကြောင်း The New York Times က ဖော်ပြသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ငယ်ရွယ်တဲ့ အရွယ်အစားနဲ့ အရင်းအမြစ် ကန့်သတ်ချက်တွေကို အမေရိကန်ဘက်က အလေးထား စဉ်းစားပေးပါတယ်” ဟု ဒိုမီနီကာဝန်ကြီးချုပ်က ပြောသည်။

ကာရစ်ဘီယံကျွန်းနိုင်ငံတစ်ခုဖြစ်သည့် အန်တီဂွာနှင့် ဘာဘူဒါနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ ဂတ်စတွန်ဘရောင်းန်ကလည်း ၎င်း၏ အစိုးရသည် ရာဇဝတ်မှုကင်းရှင်းသူများကိုသာ ၎င်းတို့ နိုင်ငံတွင် လက်ခံပေးရန် အမေရိကန်အစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းတို့ လက်ခံမည့် လူအရေအတွက် အတိအကျ သတ်မှတ်ချက် မပါရှိသလို ယင်းသဘောတူညီချက်ကို မိမိတို့ဘက်က အချိန်မရွေး ဖျက်သိမ်းနိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ နှစ်နိုင်ငံအပေါ် အမေရိကန်၏ ခရီးသွားလာခွင့်နှင့် ဗီဇာပိတ်ပင်မှုများ ဇန်နဝါရီလ ၁ ရက်နေ့က စတင်အသက်ဝင်လာပြီးနောက် ယခုထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

Source: The New York Times