ဥရောပနိုင်ငံများက ကန့်ကွက်နေသော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် နည်းလမ်းများ ဆွေးနွေးနေကြောင်း အိမ်ဖြူတော်က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်သည်။
မဟာဗျူဟာမြောက် ဂရင်းလန်းကျွန်းကို သိမ်းပိုက်နိုင်ရေး အမေရိကန်စစ်တပ်ကို အသုံးပြုရန်အထိ ထရမ့်က စဉ်းစားနေကြောင်း အိမ်ဖြူတော်က ဆိုသည်။
အာတိတ်ဒေသရှိ “ရန်ဘက်နိုင်ငံများကို ဟန့်တားရန်” ဂရင်းလန်းကျွန်းကို ရယူရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် ဦးစားပေးလုပ်ငန်းအဖြစ် ထရမ့်က ရှုမြင်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်က ဆိုသည်။
“ဒီနိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်ပန်းတိုင် အောင်မြင်ဖို့ သမ္မတနဲ့အဖွဲ့က နည်းလမ်းပေါင်းစုံကို ဆွေးနွေးနေပါတယ်။ စစ်သေနာပတိချုပ်ရဲ့ အမိန့်အတိုင်း အမေရိကန်စစ်တပ်ကို အသုံးပြုဖို့ဆိုတာကလည်း ရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ် အမြဲရှိနေပါတယ်” ဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။
အမေရိကန် လက်အောက်သို့ မဝင်လိုကြောင်း ဂရင်းလန်းကျွန်းက အကြိမ်ကြိမ် ငြင်းဆိုထားသည်။
ဥရောပအင်အားကြီးနိုင်ငံများနှင့် ကနေဒါခေါင်းဆောင်များကလည်း ဂရင်းလန်းကျွန်းကို ဂရင်းလန်းကျွန်းမှ ပြည်သူများကသာ ပိုင်ဆိုင်ကြောင်း ပြောဆိုကာ ဂရင်းလန်းကျွန်းဘက်မှ ဝန်းရံရပ်တည်လျက် ရှိသည်။
မဟာမိတ် ဒိန်းမတ်နိုင်ငံထံမှ ဂရင်းလန်းကျွန်းကို အမေရိကန်က စစ်အင်အားသုံး သိမ်းယူပါက နေတိုး (NATO) အဖွဲ့အတွင်း တုန်လှုပ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ထရမ့်နှင့် ဥရောပခေါင်းဆောင်များအကြား အက်ကြောင်းကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်သည်။
ရုရှားနှင့် တရုတ်တို့ မျက်စိကျနေသည့် ယင်းဒေသတွင် ဂရင်းလန်းကျွန်းကို အမေရိကန်၏ အခြေစိုက်စခန်းတစ်ခုဖြစ်အောင် ဖန်တီးမည့် အစီအစဉ်အပေါ် ကန့်ကွက်မှုများရှိသော်လည်း ထရမ့်က နောက်ဆုတ်မည့်ပုံ မပေါ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
Source: Reuters







