BREAKING
December 7, 2025

3 Idiots သက်ရှိဇာတ်လိုက်နဲ့ လာဒတ်ပြည်နယ်ရရှိရေးတိုက်ပွဲ

December 6, 2025

အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာတောင်တန်းတွေကြားက ကန္တာရဆန်ဆန် လာဒတ်ဒေသမှာ ငြိမ်းအေးမှုနဲ့ ဆိတ်ငြိမ်ခြင်းဟာ တစ်ပါးကို တစ်ပါး နမ်းနေတယ်။

ကြွယ်ဝတဲ့ ယဉ်ကျေးမှုဟာ လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ လာဒတ်ဒေသရဲ့ ဝိညာဉ်ထဲမှာ ခိုကပ်နေတယ်။

ဗုဒ္ဓဘာသာဝင်နဲ့ မူဆလင်အများစုရှိပြီး ‘တိဘက်အသေးစားလေး’လို့လည်း လူသိများတဲ့ လာဒတ်ဒေသရဲ့ ဆိတ်ငြိမ်မှုကို ၂၀၂၅ ရဲ့ စက်တင်ဘာ ၂၄ ဟာ မကြုံစဖူး အကြမ်းဖက်မှုနဲ့ ကိုင်လှုပ်လိုက်တယ်။

လာဒတ်သားတွေ ဘယ်တော့မှ မမေ့သွားမယ့် နေ့။

ဒေါသတစ်ပါး မွေးဖွားခြင်း

၂၀၁၉ ခုနှစ် ၊ ဩဂုတ်လ ၅ ရက်နေ့မှာ အိန္ဒိယထိန်းချုပ်ထားတဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်ထဲမှာ ဆန့်ကျင်ဘက် ခံစားချက်နှစ်ခု ပေါက်ထွက်ခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသခံတွေအဖို့ ဒေါသနဲ့ စိတ်ပျက်ခြင်း။ လာဒတ်ဒေသခံတွေအဖို့ ပျော်ရွှင်မှုနဲ့ ဆုတောင်းပြည့်ခြင်း။

အိန္ဒိယ ထိန်းချုပ်ထားတဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားကို အိန္ဒိယအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ ပြည်နယ်အဆင့်အတန်းနဲ့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့်ကို မိုဒီအစိုးရက ပြည်နယ်အဆင့်အတန်းကို တစ်ဖက်သတ် ပယ်ဖျက်လိုက်ပြီးနောက် ဂျမ်မူးနဲ့ ကက်ရှ်မီးယားကို နယ်မြေနှစ်ခု ထပ်ပိုင်းခြားလိုက်ပါတယ်။

လာဒက်ဒေသခံတွေရဲ့ လိုလားချက်အတိုင်း အရင်က ရှိခဲ့တဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်ထဲကနေ လာဒက်ဒေသကို ခွဲထုတ်လိုက်တာပါ။ အိန္ဒိယဗဟိုအစိုးရကနေ တိုက်ရိုက်အုပ်ချုပ်တဲ့ သီးခြားပြည်ထောင်စုနယ်မြေနှစ်ခုအဖြစ် ပိုင်းခြားသတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီနယ်မြေနှစ်ခုစလုံးဟာ အိန္ဒိယရဲ့ အခြားပြည်နယ်တွေမှာ ရရှိနေတဲ့ နိုင်ငံရေးအာဏာကို ဆုံးရှုံးလိုက်ရပါတယ်။

မိုဒီအစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ၂၀၁၉ မှာ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်ရယ်လို့ မရှိတော့ဘဲ လာဒတ်ဒေသဟာ နယူးဒေလီကနေ တိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်ထောင်စုနယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်။ မိုဒီအစိုးရဟာ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်ထောင်စုနယ်မြေအတွက် ဒေသခံတွေက ရွေးကောက်တင်မြှောက်တဲ့ ဥပဒေပြုလွှတ်တော်တစ်ရပ် ထားရှိခွင့် ပြုခဲ့ပါတယ်။ ဒါပေမဲ့ လာဒက်ဒေသခံတွေအဖို့ အဲဒီအခွင့်အရေးကိုတောင် မရခဲ့ပါဘူး။

လာဒတ်ဒေသအဖို့ ဒေသခံတွေက ရွေးကောက်တင်မြှောက်တဲ့ ဥပဒေပြုလွှတ်တော်တစ်ရပ်တောင် ထားရှိခွင့် မရခဲ့ပါဘူး။ လာဒတ်လူထုရဲ့ စိုးရိမ်ပူပန်မှုနဲ့ လိုလားချက်တွေကို လာဒတ်လူထုကို ကိုယ်စားပြုပြီး နယူးဒေလီမှာ ထုတ်ဖော်ဆွေးနွေးမယ့် ဒေသန္တရခေါင်းဆောင်တွေကို လာဒတ်လူထုက ရွေးကောက်တင်မြှောက်ခွင့် မရခဲ့ပါဘူး။

ဂျမ်မူးနဲ့ ကက်ရှ်မီးယားကို ပြည်နယ်အဆင့်ကနေ ရုတ်သိမ်းပြီး လာဒတ်ကို ခွဲထုတ်လိုက်ချိန်မှာ ပျော်ရွှင်မှုဟာ လာဒတ်ဒေသမြို့တော် လေးဟ်မြို့ရဲ့ လမ်းမတွေပေါ်မှာ ပေါက်ကွဲသွားပါတယ်။ ဒါပေမဲ့ ဒီပျော်ရွှင်မှုဟာ ကြာကြာမခံခဲ့ပါဘူး။ ဒေါသနဲ့ စိတ်ပျက်ခြင်းဟာ ဒီပျော်ရွှင်မှုကို အစားဝင်နေရာယူသွားခဲ့တယ်။

ဒီလိုနဲ့ နောက်ပိုင်းနှစ်တွေမှာ နိုင်ငံ့မြောက်ပိုင်းက အေးချမ်းတဲ့ လာဒတ်ဒေသဟာ အိန္ဒိယဗဟိုအစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေးမငြိမ်သက်မှု မီးစာခဲများရဲ့ မွေးရပ်မြေ ဖြစ်လာခဲ့ပါတယ်။

ဟိမဝန္တာနှင်းပွင့်တွေကြားမှာ မမြင်ရတဲ့ မီးတစ်ခုဟာ တိတ်ဆိတ်စွာ တောက်လောင်လာခဲ့ ….။

ကမ္ဘာ့ခေါင်မိုးပေါ်က သေနတ်သံများ

မိမိအနာဂတ်အတွက် မိမိမှာ ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိခြင်း။

၂၀၂၅ စက်တင်ဘာရဲ့ လေးမြို့ဟ်လမ်းမပေါ်မှာ ကြားလိုက်ရတဲ့ သေနတ်သံတွေကို မီးရှူးသန့်စင်ပေးလိုက်တဲ့အရာဟာ အဲဒါပါပဲ။

စက်တင်ဘာလအစမှာပဲ လာဒတ်ပြည်နယ်ရရှိရေးတောင်းဆိုတဲ့ဒေသခံတက်ကြွလှုပ်ရှားသူတွေဟာ မိုဒီအစိုးရကို ဆန့်ကျင်တဲ့ အစာငတ်ခံဆန္ဒပြမှု စတင်လိုက်ပါတယ်။ ဒီမတိုင်ခင် မကြာသေးတဲ့ နှစ်တွေတုန်းကလည်း လာဒက်ဒေသခံတွေဟာ ပြည်နယ်ရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေနဲ့ အစာငတ်ခံဆန္ဒပြမှုတွေ မကြာခဏ ပြုလုပ်ခဲ့ကြပါတယ်။

စက်တင်ဘာ အစာငတ်ခံ ဆန္ဒပြပွဲဟာ ၁၅ ရက်မြောက်နေ့အထိ ရောက်လာခဲ့ပါပြီ။ ဒါပေမဲ့ မိုဒီအစိုးရက ဆန္ဒပြသူတွေနဲ့ မဆွေးနွေးဘဲ အချိန်ဆွဲနေပါတယ်။ ဆန္ဒပြသူတွေရဲ့ အောင့်လုံးက ပေါက်ထွက်မတတ် ကြီးထွားလာတယ်။

ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ လူငယ်တစ်စုဟာ အစာငတ်ခံဆန္ဒပြပွဲရဲ့ စုရပ်နေရာကနေ သူတို့သဘောနဲ့ သူတို့ ခွဲထွက်သွားခဲ့ပါတယ်။ ကြွေးကြော်သံတွေ အော်ဟစ်ချီတက်လို့ ဆန္ဒပြလာကြတဲ့ အဲဒီလူငယ်တွေဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင် အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ လေးဟ်မြို့က ဘီဂျေပီပါတီရုံးကို ဆန္ဒပြလူငယ်တွေကို မီးရှို့လိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၄ ယောက် သေသွားတယ်။ လူဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရသွားတယ်။

အဲဒီနောက် အာဏာပိုင်တွေက အကြီးအကျယ် နှိမ်နှင်းမှု စတင်လိုက်တယ်။ အစာငတ်ခံဆန္ဒပြပွဲ ခေါင်းဆောင်တွေအပါအဝင် လာဒတ်ဒေသခံ လူ ၈၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်။ လာဒတ်ရဲ့ ခေတ်သစ်သမိုင်းမှာတော့ အဆိုးရွားဆုံး အကြမ်းဖက်မှု ၊ နှိမ်နှင်းမှုပါပဲ။

နောက်နှစ်ရက်အကြာ စက်တင်ဘာ ၂၆ ရက်နေ့မှာ အိန္ဒိယအာဏာပိုင်တွေဟာ လူတစ်ယောက်ကို အကြမ်းဖက်မှု လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးလိုက်ပါတယ်။ တရားစီရင်မှု မရှိဘဲ တစ်နှစ်အထိ ထောင်ချထားနိုင်တဲ့ အမျိုသားလုံခြုံရေးဥပဒေနဲ့ သူ့ကို ဖမ်းလိုက်တာပါ။

သူ့ မွေးရပ်မြေနဲ့ မိုင်ထောင်ချီဝေးတဲ့ အကျဉ်းထောင်ဆီ သူ့ကို ပို့လိုက်ပါတယ်။ သူ့ကို ဖမ်းဆီးလိုက်ချိန်မှာ လာဒတ်ဒေသခံတွေက သူ့ကို ထောက်ခံရပ်တည်တဲ့အနေနဲ့ ရဲတွေဆီမှာ ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့ကြပါတယ်။ သူ့ကို ဖမ်းဆီးလိုက်တာဟာ လာဒတ်အရေးအခင်းကို ပိုဆိုးရွားသွားစေခဲ့ပါတယ်။ အဲဒီ ‘သူ’ ဟာ ဘယ်သူပါလဲ။

သူ့ရဲ့ ပညာရေးအပေါ် ချဉ်းကပ်ပုံနဲ့ သူ့ဘဝခရီးဟာ ကမ္ဘာကျော်ဘောလိဝုဒ်ရှင်ရှင်တစ်ကားကို မွေးဖွားစေခဲ့တယ်။ မြန်မာလူငယ် တော်တော်များများ ရင်းနှီးအားကျကြတဲ့ ‘3 Idiots’ ရုပ်ရှင်ထဲက ‘ရမ်ချို’ ဆိုတဲ့ ဇာတ်လိုက်ဟာ သူ့ကို အတုယူဖန်တီးထားတာပါ။

သူ့နာမည်က ‘ဆိုနမ်ဝမ်ချွတ်’ ။

အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် ပညာရေးကျွမ်းကျင်သူနဲ့ တီထွင်ဖန်တီးရှင်။

လာဒတ်ပြည်နယ်ရရှိရေးတိုက်ပွဲရဲ့ မျက်နှာဖုံးခေါင်းဆောင်။

တချိန်က အိန္ဒိယရဲ့ နိုင်ငံကျော် ဟီးရိုး။

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံတော်အပေါ် သစ္စာဖောက်သူအဖြစ် အာဏာပိုင်တွေက ပုံဖော်ထားပါတယ်။

နိုင်ငံကျော်ဟီးရိုးမှသည် နိုင်ငံတော်သစ္စာဖောက်သို့

၁၉၈၄ ခုနှစ်မှာ အဲဒီအချိန်က အိန္ဒိယဝန်ကြီးချုပ်ဖြစ်နေတဲ့ အင်ဒီရာဂန္ဓီဟာ လာဒက်ဒေသရဲ့ မြို့တော် လေးဟ်မြို့ကို လေယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။ အင်ဒီရာဂန္ဓီ သွားခဲ့တဲ့ နေရာဟာ လာဒတ်ဒေသခံတွေကို အိန္ဒိယရဲ့ ဌာနေတိုင်းရင်းသားမျိုးနွယ်စုစာရင်းဝင်အဖြစ် သတ်မှတ်ပေးရေး အစာငတ်ခံ ဆန္ဒပြပွဲတစ်ခုကိုပါ။ အဲဒီအစာငတ်ခံဆန္ဒပြပွဲကို အဆုံးသတ်ပေးဖို့ သင်္ကေတအနေနဲ့ ‘ဝမ်ဂျယ်လ်’ ဆိုတဲ့ လာဒတ်အမျိုးသားတစ်ယောက်ကို အင်ဒီရာဂန္ဓီက အချိုရည်တစ်ခွက် ကမ်းလှမ်းခဲ့ပါတယ်။ လာဒက်နိုင်ငံရေးခေါင်းဆောင် ဝမ်ဂျယ်လ်ဟာ သက်ရှိ 3 Idiots ဇာတ်လိုက်ရဲ့ အဖေပါပဲ။ ဆိုနမ်ဝမ်ချွတ်ရဲ့ ဖခင်ဖြစ်သူ ဝမ်ဂျယ်လ်ဟာ လာဒက်ဒေသရဲ့ နိုင်ငံရေးရပိုင်ခွင့်အတွက် အကြိမ်ပေါင်းများစွာ အစာငတ်ခံ ဆန္ဒပြခဲ့ဖူးပါတယ်။

၁၉၆၆ ခုနှစ်ရဲ့ တစ်ခုသော နေ့တစ်နေ့မှာ လေးဟ်မြို့ကနေ မိုင် ၄၀ ကျော်ဝေးတဲ့ တောင်ပေါ်ရွာလေးမှာ ဆိုနမ်ဝမ်ချွတ်ကို မွေးဖွားခဲ့ပါတယ်။ အသက် ၉ နှစ်အရွယ်အထိ အိမ်မှာပဲ မိခင်ဖြစ်သူက စာသင်ပေးခဲ့ရတဲ့ ဆိုနမ်ဝမ်ချွတ်ဟာ ငယ်စဉ်က အစိုးရကျောင်းသားဘဝမှာ ဘာသာစကားအခက်အခဲကြောင့် စာမလိုက်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ၁၉၉၆ ခုနှစ်မှာ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်အစိုးရက ဆိုနမ်ဝမ်ချွတ်ကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ လာဒတ်ရဲ့ ပညာရေးစနစ်ကို ဆိုနမ်ဝမ်ချွတ်က ပြုပြင်ပြောင်းလဲပေးခဲ့နိုင်ခဲ့လို့ပါ။

၁၉၈၈ ခုနှစ်မှာ စက်မှုအင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီးနောက် ဆိုနမ်ဝမ်ချွတ်ဟာ လာဒတ်ဒေသအတွက် အော်တာနေးတစ် ပညာရေးလမ်းကြောင်းတစ်ခုကို ဖော်ဆောင်ခဲ့ပါတယ်။ ဒါကို လာဒတ်ကျောင်းသားတွေရဲ့ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာအရွေ့ (SECMOL) လို့ ခေါ်ပါတယ်။

ဆိုခဲ့ပါ အော်တာနေးတစ်ပညာရေးပုံစံ မပေါ်လာခင်အထိ လာဒတ်ဒေသခံကျောင်းသား ၉၅ ရာခိုင်နှုန်းနီးပါးဟာ အစိုးရကျောင်းစာမေးပွဲတွေမှာ စာမေးပွဲကျရှုံးနေခဲ့ပါတယ်။ လာဒတ်ဒေသခံတွေအတွက် အစိမ်းသက်သက်ဖြစ်နေတဲ့ ဥရဒူဘာသာစကားနဲ့ ရေးဆွဲထားတဲ့ သင်ရိုးကြောင့် လာဒတ်ကျောင်းသားတွေ စာမေးပွဲကျကြတာဖြစ်ပါတယ်။

ဒါပေမဲ့ဆိုနမ်ဝမ်ချွတ်ရဲ့ SECMOL ပညာရေးစနစ်မှာ Grade 10 အောင်မြင်တဲ့ ကျောင်းသားအရေအတွက်ဟာ ၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းအထိ ၇ နှစ်အတွင်း ခုန်တက်သွားပါတယ်။ နောက်ပိုင်းမှာတော့ ၇၅ ရာခိုင်နှုန်းအထိ ရောက်လာပါတယ်။

SECMOL ကျောင်းသားတွေကို ရေဒီယိုအသံလွှင့်ဌာနလည်ပတ်နည်း ၊ စိုက်ပျိုးရေး ၊ စက်ပြင် ၊ ကျောင်းဝန်းကို ကျောင်းသားကိုယ်တိုင်စီမံခန့်ခွဲနည်း စတဲ့ လက်တွေ့လုပ်ဆောင်မှုကနေ သင်ယူတဲ့ နည်းလမ်းတွေနဲ့ တကယ့်ပညာရေးကို နမ်းခွင့်ပေးပါတယ်။

ဆိုနမ်ဝမ်ချွတ်ရဲ့ SECMOL ပညာရေးမှာ ကျောင်းဝင်ခွင့်အတွက် စံသတ်မှတ်ချက်တစ်ခုပဲ ထားပါတယ်။ အစိုးရစာမေးပွဲမှာ ကျရှုံးသူ ဖြစ်ရမယ်။

ဆိုနမ်ဝမ်ချွတ်ဟာ သူ့ဖခင် လာဒတ်နိုင်ငံရေးသမား ဝမ်ဂျယ်လ်လိုမျိုး အိန္ဒိယတစ်နိုင်ငံလုံးမှာ လူသိများကျော်ကြားလာခဲ့ပါတယ်။ ရေခဲစေတီတွေတည်တာ ၊ ဆောင်းရာသီမှာ ရေသိုလှောင်ဖို့ လူလုပ်ရေခဲမြစ်အတုတွေ ဖန်တီးတာ ၊ ဟိမဝန္တာဆောင်းရဲ့ ရက်စက်ကြမ်းတမ်းမှုကြားက အိန္ဒိယစစ်သားတွေအတွက် ဆိုလာရွက်ဖျင်တဲတွေ တီထွင်ပေးတာ စတာတွေကြောင့် သူ့ကို တီထွင်ဖန်တီးရှင်တစ်ယောက်အနေနဲ့ အိန္ဒိယတစ်နိုင်ငံလုံးက သိလာကြပါတယ်။

ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့လည်း လူသိများလာတဲ့ ဆိုနမ်ဝမ်ချွတ်ဟာ နောက်ပိုင်းမှာ လာဒတ်ဒေသရဲ့ နိုင်ငံရေးအခွင့်အရေးအတွက် အစာငတ်ခံဆန္ဒပြမှုတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ မကြာခဏ လုပ်လာခဲ့ပါတယ်။

အာရှရဲ့ နိုဘယ်ဆုလို့ အများက တင်စားကြတဲ့ ဖိလစ်ပိုင်က ချီးမြှင့်တဲ့ Ramon Magsaysay Award ဆုကို ၂၀၁၈ ခုနှစ်မှာ ရရှိခဲ့သူဟာ ဆိုနမ်ဝမ်ချွတ် ဖြစ်ပါတယ်။

အာရှရဲ့ နိုဘယ်ဆုရှင်ဟာ လက်ရှိမှာတော့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ မွေးရပ်မြေကနေ မိုင်ထောင်ချီဝေးတဲ့ အရပ်မှာ အကျဉ်းစံဘဝကို ဖြတ်သန်းနေပါတယ်။ တချိန်က လာဒတ်ဒေသမှာ လူထုစည်းရုံးရေးလုပ်ငန်းတွေအတွက် သူ့ဆီက အကြံဉာဏ်ရယူခဲ့ဖူးတဲ့ မိုဒီအစိုးရကပဲ သူ့ကို ထောင်ချလိုက်တာပါ။

လာဒတ်ဒေသကို ဂျမ်မူးနဲ့ ကက်ရှ်မီးယားကနေ ခွဲထုတ်လိုက်ချိန်က သူ ပျော်ရွှင်ခဲ့ရတဲ့အကြောင်း သူ အဖမ်းမခံရခင် တစ်ပတ်အလိုကပဲ သူ ပြန်ပြောပြနေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါဟာ လာဒတ်ဒေသခံတွေအဖို့ မီးဖိုထဲကနေ ခုန်ထွက်ရာကနေ မီးပုံထဲ ကျသွားရတဲ့ သနစ်လို့ သူက ဆိုပါတယ်။

လာဒတ်ဒေသအတွက် ဘာဒီမိုကရေစီပလက်ဖောင်းမှ မကျန်တော့ဘူးလို့ ပြောနေတဲ့ သူ့အသံဟာ ဆွေးမြေ့လှိုက်အက်နေဖို့ များပါတယ်။

သူနဲ့အတူ အခြားအဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ အိန္ဒိယအစိုးရကို သူ့ဇနီးနဲ့ လာဒတ်ဒေသခံတက်ကြွလှုပ်ရှားသူတွေက ဆက်တိုက်တောင်းဆိုနေဆဲ။

အခု သူ စာသင်ပေးနေပါတယ်။

အိန္ဒိယနိုင်ငံ ဂျိုဒ်ပူရ်မြို့ အကျဉ်းထောင်ထဲက ထောင်ဝန်ထမ်းတွေရဲ့ ရင်သွေးရတနာလေးတွေကိုပါ။

ဈာန်ဟိန်း