အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထားဝယ်ခရီးစဉ်အပြီးတွင် လှုပ်လှုပ်ရှားရှား ဖြစ်လာသော စီမံကိန်းတစ်ခုမှာ ထားဝယ်လေယာဉ်ကွင်း အဆင့်မြှင့်တင်မည့် စီမံကိန်းဖြစ်သည်။
ထားဝယ်လေယာဉ်ကွင်းအား နိုင်ငံတကာအဆင့်မီ (Code 4D) လေယာဉ်ကွင်းအဖြစ် အဆင့်မြှင့်တင်ရန် စီမံကိန်း (Master Plan) ရေးဆွဲထားပြီး လက်ရှိတွင် ကနဦးမြေပြင်လုပ်ငန်းများ စတင်နေပြီဖြစ်သည်။
ယင်းစီမံကိန်းမှာ ၂၀၁၂ ခုနှစ်နှင့် NLD အစိုးရလက်ထက်တို့တွင် စတင်နိုင်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း အကောင်အထည်မပေါ်လာခဲ့။
၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ထားဝယ်ခရိုင်အတွင်း ကျေးရွာများအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ရောက်လာသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထားဝယ်ခရီးစဉ်တွင် လေယာဉ်ကွင်းအဆင့်မြှင့်မည့် စီမံကိန်းကို အဓိကထား လုပ်ဆောင်ခဲ့ပုံရသည်။
ယင်းခရီးစဉ်အပြီး နှစ်လခန့်အကြာ နိုဝင်ဘာလထဲတွင် လေယာဉ်ကွင်းစီမံကိန်းအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် မြေနေရာရှင်းလင်းခြင်းအပါအဝင် မြေပြင်လုပ်ငန်းများကို အလျင်အမြန် စတင်လာသည်။
Code 4D လေယာဉ်ကွင်း
နိုင်ငံတကာမြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) က သတ်မှတ်ထားသည့် Code 4D အဆင့်သည် လေယာဉ်ကွင်း ဒီဇိုင်းအမျိုးအစားတစ်ခုဖြစ်ပြီး အလတ်စားနှင့် အကြီးစားလေယာဉ်များ အဆင်းအတက်ပြုလုပ်နိုင်ကာ နိုင်ငံတကာသို့ လေကြောင်းတိုက်ရိုက်ပြေးဆွဲနိုင်မည်ဖြစ်သည်။
ထားဝယ်ကွင်း၏ Master Plan တွင် Code 4D အဆင့်အတွက် လိုအပ်သည့် လောင်စာဆီသိုလှောင်ကန်များ၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးရုံများ၊ နှင့် Air Cargo terminal ဟုခေါ်သည့် လေကြောင်းကုန်စည်ပို့ဆောင်ရေး အဆောက်အအုံများ ပါဝင်ကြောင်း Dawei Watch က ရရှိထားသော အချက်အလက်များအရ သိရသည်။
မြေသိမ်း၊ ယာသိမ်း လာတော့မလား
လေယာဉ်ကွင်းကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ရန်အတွက် လက်ရှိလေယာဉ်ကွင်း မြေနေရာကို ချဲ့ထွင်၍ အခြေခံအဆောက်အအုံများ တည်ဆောက်ရမည်ဖြစ်သည်။
Dawei Watch က ရရှိသော အချက်အလက်များအရ စီမံကိန်းသစ်အတွက် စုစုပေါင်း မြေဧက ၄၃၆ ဒသမ ၈၅၃ လျာထားပြီး လက်ရှိ ဧက ၃၆၄ ဒသမ ၆၇၇ သာရှိရာ နောက်ထပ် မြေဧက ၇၂ ဒသမ ၁၇၆ ထပ်မံ လိုအပ်နေသည်။
ကွင်းချဲ့ရန်အတွက် ထားဝယ်ဂေါက်ကွင်းဘက်ခြမ်းကို အသုံးမပြုကြောင်း သိရသော်လည်း လျာထားမြေနေရာစာရင်းတွင် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ လေယာဉ်ကွင်းနှင့်ဆက်စပ်နေသော ဧရိယာအချို့နှင့် တိုင်းအားကစားကွင်းနေရာတို့ ပါဝင်နေသည်။
Google မြေပုံ ခန့်မှန်းချက်အရ အိမ်ရှေ့ပြင်ရပ်ကွက်ဘက်တွင် မြို့ခံများ အိမ်ဆောက်နေထိုင်သည့် နေရာများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးထားသည့် မြေနေရာများ ပါဝင်နေသည်။
ထို့အပြင် လျာထားမြေနေရာသည် လက်ရှိအသုံးပြုနေသော ထားဝယ်အဝေးပြေးကားဝင်းနှင့်လည်း အလွန်နီးကပ်နေသည်ကို တွေ့ရသည်။
ကားဝင်းအသစ်ကိုမူ ထားဝယ်မြို့ပြင်၌ တည်ဆောက်နေပြီး ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သည်။
မြို့ခံများ၏ သုံးသပ်ချက်အရ တိုင်းအားကစားကွင်းအား ရွှေဝယ်သီရိအားကစားကွင်းသို့ ပြောင်းရွှေ့ရမည့် အခြေအနေရှိနေပြီး ရွှေဝယ်သီရိကွင်းတွင် အကြီးစားပြုပြင်မှုများ ကြိုတင်လုပ်ဆောင်ထားကြောင်းလည်း သိရသည်။
ထို့အတူ လေယာဉ်ကွင်းဝင်းအတွင်း စားသောက်ဆိုင်နှင့် ခရီးသည်ယာဉ် ရပ်နားရာ မြေနေရာတို့သည်လည်း စီမံကိန်းသစ်လျာထားမြေနေရာ စာရင်းထဲ ပါဝင်နေသည်။
ယင်းကြောင့် လေယာဉ်ကွင်းသစ် စီမံကိန်းအတွက် မြေနေရာလိုအပ်လာပါက ယင်းနေရာများမှာ သိမ်းဆည်းခံရနိုင်ခြေ မြင့်မားသည့် ဧရိယာများဖြစ်နိုင်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်
ဆိပ်ကမ်းနှင့် စွမ်းအင်စီမံကိန်းများ ပါဝင်မည့် ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် တည်ဆောက်ရန် မြန်မာစစ်အာဏာရှင်နှင့် ရုရှားနိုင်ငံတို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးလိုက်သည့် သတင်းကို ယခုနှစ် ဖေဖော်ဝါရီလက ရုရှားသတင်းဌာနတွင် ဖော်ပြခဲ့သည်။
စစ်အုပ်စုက ရုရှားနှင့် ပူးပေါင်း၍ ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် သဘောတူညီထားသည်ဆိုသော်လည်း လက်ရှိအချိန်အထိ ယင်းစီမံကိန်းကို အကောင်အထည် ဖော်လာသည်မျိုး မတွေ့ရသေးပေ။
သို့သော် ထားဝယ်အထူးစီးပွားရေးဇုန်သို့ ဦးတည်သည့် ထိုင်း-ကန်ချနဘူရီ လမ်းအူကြောင်းနေရာအချို့ ကို စစ်အုပ်စုက မိုးတွင်းကာလတစ်လျှောက်လုံး စစ်ကြောင်းထိုး၍ ပြုပြင်ထိန်းသိမ်းခဲ့သည်။
ယခုနွေရာသီတွင်မူ လေယာဉ်ကွင်းအဆင့်မြှင့်တင်ရေးကိုပါ အရှိန်မြှင့် ဆောင်ရွက်လာခြင်းဖြစ်သည်။
လေယာဉ်ကွင်းအား Code 4D အဆင့်မြှင့်တင်ခြင်းသည် ရုရှားနိုင်ငံမှ လေယာဉ်များနှင့် လုပ်ငန်းရှင်များ ထားဝယ်မြို့သို့ တိုက်ရိုက်ပျံသန်းလာနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တွေ့ရသည်။
လက်ရှိပြေးလမ်းမှာ ပေ ၁၂,၀၀၀ × ၁၀၀ ရှိပြီး ခံနိုင်ဝန်အား ပေါင် ၈၇၃,၀၀၀ အထိရှိရာ အရပ်ဘက်နှင့် စစ်ဘက်သုံး အကြီးစားလေယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ အဆင်းအတက်ပြုလုပ်ရန် လုံလောက်သည့် အနေအထားဖြစ်သည်။
ယင်းကြောင့်စီမံကိန်း၏ ကနဦးအစီအစဉ်မှာ လေယာဉ်ရပ်နားမည့် ဧရိယာကို ချဲ့ထွင်ရန်ဖြစ်နိုင်သည်။
လက်ရှိ လေယာဉ်ရပ်နားကွင်းသည် ATR 72 အမျိုးအစား ခရီးသည်တင်လေယာဉ်ငယ် နှစ်စီးသာ ရပ်နားနိုင်သည်။
အထူးစီးပွားရေးဇုန်က စစ်ရေး
စစ်အုပ်စုက အထူးစီးပွားရေးဇုန်ကို ထိန်းချုပ်နိုင်ရန်အတွက် ဗျူဟာမြောက် တပ်စခန်းသုံးခုကို အခိုင်အမာ နေရာချထားကြောင်း သိရှိရသည်။
ယင်းတပ်စခန်းသုံးခုမှာ အထူးစီးပွားရေးဇုန်သို့ဝင်ပေါက် လမ်းနှစ်နေရာဖြစ်သော ထားဝယ် မောင်းမကန် နဘုလယ်သွား ကားလမ်းမပေါ်ရှိ မောင်းမကန်နယ်မြေရဲစခန်း၊ ထားဝယ်- ရေဖြူ- နဘုလယ်သွားကားလမ်းမ( အထူးစီးပွားရေးဇုန်လမ်း ဒေသအခေါ်ရှမ်းလမ်း) ပေါ်ရှိ ရန်ကင်းရွာတံတားထိပ် တပ်စခန်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်ထဲရှိ စခန်းဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်သို့ လောင်းလုံးမြို့နယ်ဘက်မှ ဝင်ပေါက်လမ်းဖြစ်သော မောင်းမကန်နယ်မြေရဲစခန်းအား အောက်တိုဘာလ ၂၆ ရက်က တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးပြီးနောက်ပိုင်းတွင် စစ်အာဏာရှင်တပ်က ပြန်သိမ်းကာ အခိုင်အမာပြန်တည်ဆောက် နေရာယူထားသည်။
ယင်းအပြင် ရေဖြူမြို့နယ်ဘက်ဝင်ပေါက်ဖြစ်သည့် ရန်ကင်းရွာ ထားဝယ်မြစ်ကူးတံတားထိပ်တွင်လည်း စစ်အာဏာရှင်တပ်က လက်နက်ကြီးများတပ်ဆင်ကာ အခိုင်အမာနေရာယူထားသည်မှာ နှစ်လခန့်ရှိနေပြီဖြစ်သည်။
တော်လှန်ရေးအဖွဲ့ဝင်တစ်ဦး၏အဆိုအရ ထားဝယ်အထူးစီးပွားရေးဇုန်ထဲရှိ တပ်စခန်းတွင်လည်း စစ်အာဏာရှင်တပ်သား ၁၀၀ ဝန်းကျင်ရှိပြီး အခိုင်အမာတပ်စွဲထားသဖြင့် ဝင်တိုက်ရန်ခက်ခဲသော တပ်စခန်းတစ်ခုဖြစ်ကြောင်းသိရသည်။
ယင်းကြောင့် စစ်အာဏာရှင်တပ်သည် လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့ဘက်မှ ရေနက်ဆိမ်ကမ်းဝင်ပေါက်(ထားဝယ်အထူးစီးပွားရေးဇုန်) ကားလမ်းမနှစ်နေရာတွင် အခိုင်အမာတပ်ချထားပြီး ရေနက်ဆိပ်ကမ်း (စီမံကိန်းဧရိယာ)ထဲတွင်လည်း တပ်တစ်ခုကို အခိုင်အမာပြု တပ်စွဲပြီး အထူးစီးပွားရေးဇုန်အား ထိန်းချုပ်နိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
လိုအပ်ပါက မောင်းမကန်နယ်မြေရဲစခန်းကို ၁၀၄ ခြေမြန်(ခြေလျင်)တပ်ရင်းမှ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း စစ်ကူပို့နိုင်ပြီး ရန်ကင်းရွာစခန်းအားလည်း ၄၀၆၊ ၄၀၇ (ခြေမြန်)တပ်ရင်းတို့မှ စစ်ကူပေးနိုင်ရန် ပြင်ဆင်ထားသေးသည်။
ယင်းမှာ စစ်အာဏာရှင်တပ်သည် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိန်းချုပ်ရန် ဗျူဟာမြောက် တပ်စခန်းများ နေရာချထားခြင်းဖြစ်သည်။
ဤသို့ အခိုင်အမာ တပ်စွဲထားခြင်းသည် ရုရှားနိုင်ငံမှ လေယာဉ်ဖြင့် ရောက်ရှိလာနိုင်သော လုပ်ငန်းရှင်များ အထူးစီးပွားရေးဇုန်သို့ သွားရောက်ရာတွင် လုံခြုံရေးအရ အထောက်အကူပြုရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်။
လေကြောင်းတိုက်ခိုက်မှု အန္တရာယ်
ထားဝယ်လေယာဉ်ကွင်း ချဲ့ထွင်လိုက်ခြင်းအားဖြင့် စစ်ဘက်နှင့် အရပ်ဘက်သုံး အကြီးစားလေယာဉ်များ အလွယ်တကူ ဆင်းသက်ရပ်နားနိုင်ရုံသာမက လေယာဉ်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများပါ လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။
လက်ရှိ တနင်္သာရီတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများအတွက် ဂျက်တိုက်လေယာဉ်များသည် မြိတ်လေတပ်စခန်းမှ ပျံတက်လာကြခြင်းဖြစ်သည်။
ထားဝယ်ကွင်းချဲ့ပြီးပါက ဂျက်တိုက်လေယာဉ်များပါ အတက်အဆင်းလုပ်လာနိုင်မည်ဖြစ်ပြီး ထားဝယ်ခရိုင်ရှိ ကျေးရွာများကို မိနစ်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်လာနိုင်မည့် အန္တရာယ် ရှိနေသည်။
ထားဝယ်ကွင်းမှ ဂျက်တိုက်လေယာဉ် ပျံတက်၍ ဗုံးကြဲလာပါက ဒေသခံများအတွက် ကြိုတင်ပြင်ဆင်ချိန် မရှိသလောက် နည်းပါးသွားမည်ဖြစ်ရာ ထိခိုက်မှုပိုမိုကြီးမားလာနိုင်သည်။
ယင်းအပြင် ယခုနှစ် ၂၀၂၅ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သော ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေ၌ ပြည်တွင်းပြည်ပ လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီများ ထူထောင်ခွင့်၊ လက်နက်တပ်ဆင် ကိုင်ဆောင်ခွင့်ပြုကြောင်း ပါရှိသည်။
ယင်းကြောင့် စစ်အုပ်စုက အထူးစီးပွားရေးဇုန်လုံခြုံရေးကို အကြောင်းပြကာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များကို ထားဝယ်သို့ ခေါ်သွင်းလာနိုင်ခြေလည်း ရှိနေသည်။
ထားဝယ်လေယာဉ်ကွင်း အဆင့်မြှင့်မည့် စီမံကိန်း၊ ရုရှားနှင့်ပူးပေါင်း အကောင်အထည်ဖော်မည့် ထားဝယ်အထူးစီးပွားရေး ဇုန်တို့မှာ ဒေသခံများအတွက် ဆိုးကျိုးသက်ရောက်မှုများသာ ဖြစ်လာနိုင်မည်ဟု ယူဆနေကြသည်။
စစ်အုပ်စုသည် အထူးစီးပွားရေးဇုန်အား ထိန်းချုပ်ရန် အစီအမံချ ပြင်ဆင်နေပြီး၊ ယင်းစီမံကိန်းများ စတင်အကောင်အထည်ဖော်လာပါက တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး နေရပ်စွန့်ခွာ ထွက်ပြေးရမည်ကိုလည်း ဒေသခံများက စိုးရိမ်နေသည်။
လတ်တလောတွင် စစ်တပ်က အထူးစီးပွားရေးဇုန်အတွင်း လူဦးရေစာရင်း လိုက်လံကောက်ခံနေသဖြင့် ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယင်းအခြေအနေများကြောင့် အာဏာသိမ်း စစ်အုပ်စု၏ ထားဝယ်စီမံကိန်းများမှာ ဒေသဖွံ့ဖြိုးရေးအတွက် မဟုတ်ဘဲ စစ်အာဏာရှင်တစ်စု အာဏာတည်မြဲရေးနှင့် အကျိုးအမြတ်ရရေး အတွက်သာဖြစ်ကြောင်း လေ့လာသူများက သုံးသပ်နေကြခြင်းဖြစ်သည်။







