BREAKING
December 7, 2025

ထားဝယ်မြို့အနီးဝန်းကျင်ရှိ တံတားငယ်တစ်စင်းကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

December 6, 2025

ဓာတ်ပုံ - အရူးလွယ်အိတ်

ထားဝယ်မြို့အနီးဝန်းကျင်ရှိ တံတားငယ်တစ်စင်းကို စစ်အာဏာရှင်တပ်က ယနေ့ ဒီဇင်ဘာလ ၆ရက်တွင် လာရောက်မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။

အင်အားတစ်ရာကျော်ပါသည့် စစ်အာဏာရှင်တပ် ခြေလျင်စစ်ကြောင်းထိုးလာပြီး တောနားနှင့် ၀မော်ကျေးရွာကြားတွင် ရှိသော ကျေးရွာချင်းဆက်တံတားငယ်ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် မီးရှို့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

တောနားရွာမှာ ထားဝယ်မြို့နှင့် လေးမိုင်ခန့်အကွာ တည်ရှိသည်။

“အရင်က သူတို့ ဖျက်ဆီးသွားတဲ့ ကွန်ကရစ်တံတားပဲ။ အခုက ရွာသားတွေ သစ်သားတံတား ပြန်လုပ်ထားတယ်။ အဲဒီတံတားကို ပြန်ပြီးမီးရှို့သွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

မူလက ကွန်ကရစ်တံတားဖြစ်သည့် အဆိုပါတံတားကို ပြီးခဲ့သည့် မေလတွင် စစ်အာဏာရှင်တပ်က မြေတူးစက်ဖြင့် လာရောက် ဖြိုချဖျက်ဆီးခဲ့သည်။

ယင်းနောက် ဒေသခံများက သစ်သားဖြစ်အစားထိုးတည်ဆောက်ထားသည့် အဆိုပါတံတားကိုပင် စစ်အာဏာရှင်တပ်က ပြန်လည်မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါတံတားသည် တောနား၊ ပေါက်တိုင်း၊ ၀မော်၊ ရှမ်းမတွင်းစသည့် ကျေးရွာများရှိ ဒေသခံများ ဖြတ်သန်းသွားလာ နေသည့်တံတားဖြစ်ပြီး ယခုကဲ့သို့ မီးရှို့ဖျက်ဆီးလိုက်ခြင်းကြောင့် ဒေသခံများ၏ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် လူမှုရေးများအတွက် အခက်အခဲရှိလာမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်အာဏာရှင်တပ်သည့် ဒီဇင်ဘာလ ၂ရက်ကလည်း ထားဝယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင်ရှိသည့် ကျေးရွာချင်းဆက် တံတားသုံးစင်းကို ဘတ်ဟိုးဖြင့် တူးဖြိုဖျက်ဆီးခဲ့သေးသည်။

ထို့ကြောင့် ထားဝယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် ဒီဇင်ဘာလ ပထမပတ်အတွင်း စစ်အာဏာရှင်တပ် ဖျက်ဆီးခဲ့သည့် တံတားများ လေစင်းအထိရှိလာပြီဖြစ်သည်။