BREAKING
November 6, 2025

ခမောက်ကြီးမြို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်

November 6, 2025

ပုံစာ - ခမောက်ကြီးမြို့ရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်(ပုံဟောင်း)

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်ထိခိုက်သေဆုံးကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ခမောက်ကြီးအခြေစိုက် စစ်အာဏာရှင်တပ်ရင်းက အင်အား ၈၀ ကျော်သည် လေးရွာနှင့် ထူးဇုန်ဖြတ်လမ်းသို့ ခြေလျင် စစ်ကြောင်းထိုးလာပြီးနောက် ‌တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ယနေ့ နိုဝင်ဘာလ ၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစစ်ကြောင်းကို တော်လှန်‌ရေးတပ်များက စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲ သုံးနာရီကြာ ဖြစ်ပွား ခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ဆိုသည်။

“တိုက်ပွဲအတွင်း (စစ်အာဏာရှင်တပ်ဘက်က) လက်နက်ကြီး အချက်နှစ်ဆယ်ကျော်လောက် ဝိုင်းပြီး ပစ်ကူကြတယ်။ ဘယ်တပ်တွေ ပစ်တယ်ဆိုတာတော့ အတိအကျ မသိဘူး”ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်နေသည့် ဧရိယာသည် စစ်အာဏာရှင်၏ အမှတ် ၃၀၅ အမြောက်တပ်၊ အမှတ် ၅၉၄ ခြေမြန်တပ်ရင်းနှင့် TZK ရော်ဘာကုမ္ပဏီတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများနှင့် နီးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး အပါအဝင် ရှစ်ဦး လဲကျ သေဆုံးနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သားများ၏ ထိခိုက်သေဆုံးမှု အရေအတွက်ကို Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

အဆိုပါ တိုက်ပွဲတွင် တော်လှန်ရေးတပ်ဘက်ကမူ တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါ တိုက်ပွဲကို KTLA-ဗိုလ်ချုပ်မြ အထူးတပ်ရင်း၊ ကော့သောင်းမြို့နယ် (ပကဖ) နှင့် ဘုတ်ပြင်းမြို့နယ် (ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။

စစ်အာဏာရှင်တပ်ဘက်က ဒဏ်ရာရသွားသည့် တပ်သား ၂၇ဦးအနက် ထိုင်းနိုင်ငံ ရနောင်းမြို့ဆေးရုံတွင် ရှစ်ဦးဆေးကုသနေပြီး ကျန်သူများမှာ ကော့သောင်းပြည်သူ့ဆေးရုံနှင့် စစ်အာဏာရှင်တပ်ဆေးရုံများတွင် ဆေးကုသမှုခံယူနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိ အမြဲရှိကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားသည်။