ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ မောတောင်မြို့အဝင်ဂိတ်ကို စစ်အာဏာရှင်တပ်က ပိတ်လိုက်သဖြင့် ပြည်သူများ တိမ်းရှောင်နေကြကြောင်း မြို့ခံများထံမှ သိရသည်။
နိုဝင်ဘာလ ၁ရက်က မောတောင်မြို့အဝင်ရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို ပိတ်လိုက်သဖြင့် တိုက်ပွဲဖြစ်လာပါက မြို့အတွင်း ပိတ်မိနေမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း မြိုခံအချို့က ပြောသည်။
အဆိုပါဂိတ်ကို နိုဝင်ဘာလ ၃ရက်က နေ့တစ်ဝက် ပြန်ဖွင့်ချိန် မြို့အတွင်းနေသူများက အခြားဒေသသို့ တိမ်းရှောင်သွား ကြကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
“တိရစ္ဆာန်အများကြီး မွေးထားတဲ့သူနဲ့ သက်ကြီးရွယ်အို နည်းနည်းပဲ မြို့ထဲမှာ ကျန်တော့တယ်။ ရုတ်တရက် (တိုက်ပွဲ) ထဖြစ်ရင် ထွက်ဖို့ အပေါက်မရှိဘူးလေ။ ညဘက်ဆိုလည်း သေနတ်သံတွေ ကြားနေရတယ်” ဟု ၎င်းက ပြောဆိုသည်။
မောတောင်မြို့ခံများ ပြောင်းရွှေ့နေသဖြင့် အနီးဝန်းကျင်ရှိ အမှတ် (၁) ရွာ၊ အမှတ် (၂) ရွာ၊ အမှတ် (၃) ရွာ အပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံအများစုလည်း တိမ်းရှောင်နေကြကြောင်း အမှတ် (၉) ရွာနေ ဒေသခံတစ်ဦးက ဆိုသည်။
လေကြောင်းဖြင့် ဗုံးကြဲမည်ဆိုသည့် သတင်းများလည်း ဒေသခံများကြား ပျံ့နှံ့နေကြောင်း ၎င်းက ပြောသည်။
“ရွာတွေ တော်တော်များများမှာ ရွာသားတွေ အကုန်ပြောင်းသွားကြတယ်။ နည်းနည်းပဲ ကျန်တော့တယ်။ ရွာတွေထဲမှာက လူသိပ်မရှိလို့ တိမ်း(တိတ်ဆိတ်)နေပြီ” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
မောတောင်မြို့မှာ ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်နှင့်ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ကာစစ်အာဏာရှင်တပ်စခန်းတစ်ခုရှိပြီး ပျူစောထီးများကို လက်နက်တပ်ဆင်ထားသည်။
တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည့် တနင်္သာရီ-မောတောင်မြို့နယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်ရယူရန် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေသည်မှာ ၁၁ လ ကြာမြင့်လာသော်လည်း သိန်ခွန်းရွာဝန်းကျင်တွင်သာ ရပ်တန့်နေဆဲဖြစ်သည်။







