ရေဖြူမြို့နယ်၊ညင်းထွေးကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်ကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ရဟန်တစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ညင်းထွေးကျောင်းသစ် ဘုန်းကြီးကျောင်းသို့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်က လာရောက်တပ်စွဲထားခြင်းဖြစ်ပြီး ည ၇ နာရီ ကျော်အချိန်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် လာရောက်ဗုံးချတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံတို့ကပြောသည်။
စစ်အာဏာရှင်တပ် တပ်စွဲထားသည့် ညင်းထွေးကျောင်းသစ်ဘုန်းကြီး ကျောင်းဝင်းအတွင်းသို့ ဗုံးသီး ၄ လုံးတပ် ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ဗုံးသီး ၈ လုံး ကျရောက်ပေါက်ခွဲခဲ့သည်ဟု ဆိုသည်။
ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဝင်းအတွင်း အဆောက်အအုံအချို့ ထိမှန်ပျက်စီးကာ၊ သက်တော် ၅၀ ကျော် ဝါတော် ၆ ဝါ ရှိပြီဖြစ်သည့် ကိုယ်တော်အေးကြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအအမျိုးသားတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိခဲ့သည့် ရဟန်းကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသပေးနေကြောင်း ဒေသခံအချို့ကပြောသည်။
ဘုန်းကြီးကျောင်းဝင်းအတွင်း ဒရုန်းဗုံးချတိုက်ခိုက်ခံရမှုကြောင့် စစ်အာဏာရှင်တပ်ကလည်း သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
“ကျွန်တော်တို့မှာ ဒရုန်းသံလည်းကြောက်ရ ၊လက်နက်ကြီးသံလည်းကြောက်ရ ကြောက်စရာများလို့ ဘာကို ကြောက်ရမယ်မှန်းတောင်မသိဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
အဆိုပါစစ်အာဏာရှင်တပ်မှာ ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းအထိ ညင်းထွေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ ကလည်း ညင်းထွေးကျေးရွာတွင် ယာယီတပ်စွဲထားသော စစ်အာဏာရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တို့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။
ညင်းထွေးကျောင်းသစ်ဘုန်းကြီး ကျောင်းတွင် ၁၁ တန်းအထိ ကျောင်းသူကျောင်းသားများလည်း ပညာသင်ကြားနေကြောင်း သိရသည်။
စစ်အာဏာရှင်တပ်မှာ ဘုန်းကြီးကျောင်း ကဲ့သို့ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများတွင် တပ်စွဲနေထိုင်ခြင်း မလုပ်သင့်သလို တော်လှန်ရေးအဖွဲ့များဘက်ကလည်း ဘာသာရေးအဆောက်အအုံကို ဗုံးကြဲသည်မျိုး သတိထားသင့်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။







