BREAKING
November 6, 2025

မြောက်အမေရိကတိုက်၏ ပထမဆုံးအမျိုးသမီးသမ္မတ လူမြင်ကွင်းတွင် လိင်ပိုင်း ထိပါးနှောင့်ယှက်ခံရ

November 6, 2025

မြောက်အမေရိကတိုက်၏ ပထမဆုံး သမိုင်းဝင် အမျိုးသမီးသမ္မတဖြစ်သည့် ကလောင်ဒီယာရှိန်းဘောင်သည် နိုဝင်ဘာလ ၄ ရက်တွင် လူမြင်ကွင်း၌ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရသည်။

အင်္ဂါနေ့က နိုင်ငံမြို့တော် မက္ကစီကိုစီးတီးမြို့ လမ်းမပေါ်တွင် နိုင်ငံသားများနှင့် တွေ့ဆုံနေစဉ် အမျိုးသားတစ်ဦးက မက္ကစီကိုနိုင်ငံ သမ္မတ ကလောင်ဒီယာရှိန်းဘောင် အား မဖွယ်မရာ ထိပါးနှောင့်ယှက်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် သမ္မတအတွက် လုံခြုံရေးအားနည်းမှုနှင့် နိုင်ငံအတွင်းရှိ အမျိုးသမီးများ ရင်ဆိုင်နေရသည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု အခြေအနေအပေါ် မေးခွန်းထုတ်စရာ ဖြစ်ပေါ်လာစေကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။

အွန်လိုင်းပေါ် ပျံ့နှံ့လာသည့် ဗီဒီယိုထဲတွင် အရက်မူးနေပုံရသည့် အမျိုးသားတစ်ဦးက အမျိုးသမီးသမ္မတ၏ လည်ပင်းကို နမ်းကာ သူမအား အနောက်မှ သိုင်းဖက်ရန် ကြိုးစားခဲ့သည်ကို တွေ့ရသည်။

သမ္မတက အဆိုပါ အမျိုးသား၏ လက်ကို ဖယ်ထုတ်ကာ ထိုသူနှင့် ရင်ဆိုင်ရန် လှည့်ကြည့်လိုက်ချိန်တွင် အစိုးရအရာအရှိတစ်ဦးက ၎င်းတို့နှစ်ဦးအကြား ဝင်ရောက်တားဆီးလိုက်သည်ကို တွေ့ရသည်။

အရက်မူးနေပုံရသည့် အဆိုပါအမျိုးသားကို ဖယ်ထုတ်ခေါ်ဆောင်သွားချိန်တွင် အမျိုးသမီးသမ္မတသည် ခက်ခက်ခဲခဲ ပြုံးရယ်ကာ “စိတ်မပူပါနဲ့” ဟု ပြောခဲ့သည်ကို တွေ့ရသည်။

ယင်းသို့ လူပုံအလယ်၌ အမျိုးသမီးသမ္မတအား လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့သည့် အဆိုပါ အမျိုးသားအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာပိုင်များက နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

သမ္မတဖြစ်သူ ကလောင်ဒီယာရှိန်းဘောင် ကိုယ်တိုင်ကလည်း သူမအနေဖြင့် အဆိုပါ အမျိုးသားအား အမှုဖွင့်တိုင်ကြားသွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

“ဒါဟာ အမျိုးသမီးတစ်ဦးအနေနဲ့ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အရာဖြစ်သလို ကျွန်မတို့နိုင်ငံက အမျိုးသမီးအားလုံး ကြုံတွေ့နေရတဲ့ ကိစ္စလည်း ဖြစ်တယ်” ဟု သမ္မတရှိန်းဘောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်မကသာ ဒီလို အမှုဖွင့် မတိုင်ကြားဘူးဆိုရင် မက္ကစီကို အမျိုးသမီးအားလုံးအတွက် ဘယ်လိုအခြေအနေ ရောက်သွား မှာလဲ။ သမ္မတကိုတောင် ဒီလို လုပ်ရဲရင် နိုင်ငံထဲက အခြားအမျိုးသမီးတွေအားလုံးကို ဘယ်လိုတွေတောင်များ လုပ်နေကြမှာလဲ” ဟု သူမက မေးခွန်းထုတ်ခဲ့သည်။

မက္ကစီကိုတွင် မည်သည့်အမျိုးသမီးမျှ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုမှ မကင်းလွတ်ကြောင်း အဆိုပါ ဖြစ်စဉ်က ပြသနေသည်ဟု ဝေဖန်သူများက ဆိုသည်။

Source: The Guardian