လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့က ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က အင်အားအများအပြားအသုံးပြုပြီး လူဦးရေစာရင်း လိုက်လံကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သားများ ရှေ့ပြေးရောက်ရှိလာပြီးနောက် ယနေ့ နိုဝင်ဘာလ ၆ရက် နံနက်ပိုင်းကစပြီး လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာအုပ်စုတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် လူဦးရေနှင့် အိမ်ထောင်စုစာရင်း လိုက်လံစစ်ဆေး ကောက်ယူ နေကြောင်း ဒေသခံအမျိုးသားတစ်ဦး ပြောသည်။
“အဖွဲ့စုံပဲ။ လဝကလည်း ပါတယ်။ အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲလို့ မေးတယ်။ မရှိတဲ့သူတွေကျတော့ ဘယ်သွားလဲလို့ မေးတယ်” ဟု ၎င်းက ပြောဆိုသည်။
ယင်းအပြင် ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာတွင်လည်း စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ၄ ရက်နှင့် နိုဝင်ဘာလ ၅ ရက် နှစ်ရက်ကြာ လူဦးရေစာရင်း စစ်ဆေးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“သူတို့က ဘုန်းကြီးကျောင်းမှာ လာပြီးစာရင်း ပေးကြပါလို့ပြောတယ်။ အမှန်က ကျွန်မတို့ရွာမှာ လူသိပ်မရှိဘူး။ ရှိတဲ့ သူတွေတော့ စာရင်းသွားပေးကြတယ်။ မှတ်ပုံတင်နံပါတ်တွေ (မှတ်) ယူသွားတယ်” ဟု ၎င်းက ပြောသည်။
စစ်ကော်မရှင်က ၎င်းတို့ မှားယွင်းနေသည့် မဲစာရင်းများကို ပြန်လည်ပြီး လိုက်လံစိစစ်နေခြင်းဖြစ်သလို ရွေးကောက်ပွဲ အတွက်လည်း လိုက်လံစည်းရုံးနေခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ကိုရှဲဒိုးက ပြောဆိုသည်။
အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်အင်အားအများအပြား အသုံးပြုကာ ယင်းသို့ ဝင်ရောက်၍ လိုက်လံစစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူတို့ စာရင်းတွေ မှားနေတယ်ဆိုတာ သူတို့အချင်းချင်းလည်း ဝေဖန်နေကြတာတွေ့နေတာပဲ။ သူတို့ မဲစာရင်းမှာက မရှိတဲ့ သူတွေ သေတဲ့သူတွေ အများကြီးပါနေတယ်လို့ကြားရတယ်။ ဒါ့ကြောင့် စိစစ်ပြနေတဲ့သဘော။ နောက်တစ်ခုက ရွေးကောက်ပွဲအတွက် စည်းရုံးတာပေါ့။ မဲပေးရမယ်ဆိုပြီး မှတ်ပုံတင် မရှိသူတွေကို မှတ်ပုံတင် ချက်ချင်းလုပ် ပေးတယ်လို့ ကြားရတယ်၊ အခုလောင်းလုံးမှာလည်း သူတို့ စစ်ချင်တဲ့ အိမ်စစ်လိုက်တယ်” ဟု ကိုရှဲဒိုးက ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ကော်မရှင်က အဖွဲ့စုံဖြင့် ကမြောကင်းကျေးရွာအုပ်စု၌ လူဦးရေစာရင်း လိုက်လံကောက်ယူနေချိန် စစ်အာဏာရှင်တပ်က အင်အားအများအပြားဖြင့် လုံခြုံရေးချထားခဲ့သလို Y 12 လေယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း လာရောက်ပျံဝဲကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာအုပ်စု၌ လူဦးရေစာရင်း လိုက်လံ ကောက်ယူနေချိန် လုံခြုံရေးလိုက်ပါနေသည့် ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။







