BREAKING
November 6, 2025

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် နိုင်ငံအရေးပေါ်အခြေအနေကြေညာ

November 6, 2025

ပုံစာ- ကယ်လ်မက်ဂီ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ဗုဒ္ဓဟူးနေ့က တွေ့ရသည့် ဖိလစ်ပိုင်နိုင်ငံ ၊ ဆီဘူးမြို့ တစ်နေရာ မြင်ကွင်း။ ဓာတ်ပုံ - Eloisa Lopez/Reuters

ယခုနှစ်အတွင်း နိုင်ငံတွင် လူအသေအပျောက်အများဆုံး ဖြစ်စေခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မက်ဂီကြောင့် ဖိလစ်ပိုင်တွင် သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် နိုင်ငံ့အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

မုန်တိုင်းနောက်ဆက်တွဲ သဘာဝဘေးကူညီကယ်ဆယ်ရေး အရေးပေါ်ရန်ပုံငွေများကို အဆောတလျင် ထုတ်ပေးနိုင်ရန်နှင့် စားနပ်ရိက္ခာသိုလှောင်ကာ ကုန်ဈေးနှုန်းအဆမတန် တင်ရောင်းမှုများကို တားဆီးရန် ရည်ရွယ်ကြောင်း ဆိုသည်။

မုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူ ၁၁၄ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၁၃၀ နီးပါး ပျောက်ဆုံးနေဆဲ အခြေအနေတွင် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သေဆုံးသူအများစုမှာ မုန်တိုင်းနောက်ဆက်တွဲ ရုတ်တရက် ရေကြီးလာမှုကြောင့် ရေနစ်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသူအများစုမှာ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် နိုင်ငံ့အလယ်ပိုင်း ဆီဘူးပြည်နယ်မှ ဒေသခံများ ဖြစ်ကြသည်။

အဆိုပါ မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့တွင် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာကာ တောင်တရုတ်ပင်လယ်ဘက်သို့ ဦးတည်ရွေ့လျားသွားခဲ့ပြီ ဖြစ်ကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။

မုန်တိုင်းဒဏ်ကို ဖိလစ်ပိုင်လူဦးရေ ၂ သန်းနီးပါး ထိခိုက်ခံစားခဲ့ရပြီး ပြည်သူပေါင်း ၅၆၀,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်။

ရေကြီးမှုအန္တရာယ် လျော့ပါးသက်သာရေး အစိုးရစီမံကိန်းများနှင့် ဆက်စပ်သည့် အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံကြောင့် မကြာသေးမီက ဖိလစ်ပိုင်တွင် လမ်းပေါ်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သေးသည်။

Source: The Guardian