BREAKING
November 6, 2025

နှစ်ချီစစ်ရှောင်နေရသည့် တနင်္သာရီဒေသခံ ကိုးထောင်ကျော် ဆေးဝါးနှင့် နေရာထိုင်ခင်း လိုအပ်ချက်များ

November 6, 2025

ပုံစာ - တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အချို့ကို တွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာက ဒေသခံများ စစ်ရှောင်နေရသည်မှာ နှစ်ချီကြာလာပြီဖြစ်ပြီး ဆေးဝါး၊ နေရာထိုင်ခင်းနှင့် အလုပ်အကိုင် အပါအဝင် လိုအပ်ချက်များစွာရှိနေကြောင်း စစ်ရှောင်များနှင့် စစ်ရှောင်ကူညီနေသူအချို့ထံမှ သိရသည်။

တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကမ်းတိုရွာ၊ ရမ်းဖိုရွာ၊ လယ်သစ်ရွာ၊ ထုံမခါရွာ၊ သိန်ခွန်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၄ ရွာက ဒေသခံနှစ်သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခုနစ်စင်ကြယ် လူသားချင်းစာနာထောက်ထားမှု ကူညီပေးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအနက် စစ်ရှောင်စခန်းနှင့် ဘေးလွတ်ရာကျေးရွာများတွင် ကာလရှည်စစ်ရှောင်ဦးရေ ကိုးထောင်ဝန်းကျင်ရှိပြီး ဆေးဝါး၊ စားနပ်ရိက္ခာ၊ အိုးခွက်ပန်းကန်ကဲ့သို့ မီးဖိုချောင်းသုံးပစ္စည်းနှင့် အလုပ်အကိုင်၊ ကလေးများ၏ ပညာရေးလိုအပ်ချက်များ ရှိနေကြောင်း ၎င်းက ဆိုသည်။

စစ်ရှောင်အများစုသည် လေးနှစ်ကျော် ကြာနေပြီဖြစ်သလို တစ်နှစ်ကျော် ရှောင်နေရသည့် ဒေသခံများလည်းရှိကြောင်း သိန်ခွန်းရွာသား စစ်ရှောင်တစ်ဦးက ပြောဆိုသည်။

“စစ်ရှောင်နေကြတဲ့သူတွေက နေရာချင်းမတူတော့ လိုအပ်ချက်တွေက ကွဲပြားကြတယ်။ ကျွန်တော်တို့ဘက်မှာဆိုရင် နီးစပ်ရာ အသိမိတ်ဆွေတွေနား တဲထိုးပြီး နေနေရတယ်။ တလာပါ (အမိုးအကာ) တွေနဲ့ စားနပ်ရိက္ခာတွေက လိုအပ်နေဆဲပဲ” ဟု အထက်ပါစစ်ရှောင်က ပြောသည်။

FE5 Tanintharyi သုတေသနအဖွဲ့၏ စက်တင်ဘာလအစီရင်ခံစာအရ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ၈၀၈၀၀ ဦးထက်မနည်း ရှိကြောင်း ဖော်ပြထားသည်။

တနင်္သာရီမြို့နယ်အတွင်းတွင်ပင် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ရက်ရှည်တိုက်ပွဲဖြစ်ပွားမှု၊ စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၁၀၀၀ ခန့် ရွာလုံးကျွတ် လပေါင်းများစွာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

လယ်သစ်ရွာသားစစ်ရှောင်တစ်ဦးကမူ ၄ နှစ်ဝန်းကျင်အကြာ နှစ်ရှည်စစ်ရှောင်များမှာ နေရာထိုင်ခင်း အထိုင်ကျသွားပြီ ဖြစ်သော်လည်း စားဝတ်နေရေးအတွက် အလုပ်အကိုင်လိုအပ်ချက်ရှိနေကြကြောင်း ပြောဆိုသည်။

လယ်သစ်ရွာသားအများစုမှာ နေရာဒေသအသစ်တွင် ပြောင်းရွှေ့နေထိုင်ရသဖြင့် အလုပ်အကိုင်ရှိရာ ဝေးလံသည့်နေရာကို နေ့စားသွားလုပ်နေရကြောင်း ၎င်းက ဆိုသည်။

“အစက ကိုယ့်ခြံနဲ့ကိုယ်လေ။ အခုက နေရာအသစ်ဆိုတော့ နေ့စားအလုပ်ရှာပြီး ထွက်လုပ်ရတယ်။ လက်မှုပညာ (ထရံရက်၊ ဖက်ထိုး၊ သင်ဖျာယက်လုပ်) တတ်သူတွေကျတော့လည်း အခြားရွာတွေကို ပို့မရတဲ့အတွက် အိမ်မှာလာမှာတဲ့ အရေအတွက် ပဲ လုပ်ရလို့ အဆင်မပြေဘူး။ စားနေတာနဲ့ လုပ်နေရတာက မကာမိဘူး” ဟု အထက်ပါစစ်ရှောင်က ပြောသည်။

စစ်ရှောင်နေသည်မှာ ကာလကြာမြင့်လာပြီဖြစ်သည့်အတွက် စစ်ရှောင်ကူညီရေးအဖွဲ့များက စားနပ်ရိက္ခာအတွက် ကူညီနေ သော်လည်း လက်ရှိနေရာမှ ထပ်မံတိမ်းရှောင်ရပါက စားနပ်ရိက္ခာအရေးပေါ် လိုအပ်လေ့ရှိကြောင်း စစ်ရှောင်များထံမှ သိရသည်။