BREAKING
November 6, 2025

စစ်အုပ်စုအတွက်ငွေရှာပေးနေသည့် ထိုင်း−မြန်မာ ဖက်စပ်ကုမ္ပဏီနှစ်ခုကို အရေးယူပေးရန် တောင်းဆို

November 6, 2025

မုတ္တမကမ်းလွန်တွင် သဘာဝဓာတ်ငွေ့ထုတ်ယူပြီး တနင်္သာရီတိုင်းကိုဖြတ်သန်းကာ ပိုက်လိုင်းဖြင့် ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့သယ်ယူနေသည့် ထိုင်း−မြန်မာ ဖက်စပ်ကုမ္ပဏီနှစ်ခုကို အရေးယူရန် လိုအပ်ကြောင်း Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်သည်။

ထိုင်း−မြန်မာ ဖက်စပ်ကုမ္ပဏီဖြစ်သည့် Andaman Transportation Limited (ATL) နှင့် Moattama Gas Transportation Company Limited (MGTC) တို့ကို အရေးယူရန် Justice For Myanmar အဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယင်းကုမ္ပဏီနှစ်ခုမှာ PTTE ကုမ္ပဏီကြီးအောက်ရှိ ကုမ္ပဏီခွဲများဖြစ်ပြီး အာဏာသိမ်း မြန်မာစစ်ကော်မရှင် ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကလည်း ရှယ်ယာပိုင်ဆိုင်ထားသည်။

မုတ္တမကမ်းလွန်ရှိ ဇောတိကစီမံကိန်း (M1၊ M11 လုပ်ကွက်)တွင် ATL ကုမ္ပဏီက ဓာတ်ငွေ့ထုတ်ယူနေပြီး ရတနာစီမံကိန်း( M5၊ M6 လုပ်ကွက်)တွင်မူ (MGTC) ကုမ္ပဏီက ထုတ်ယူနေခြင်းဖြစ်ကြောင်း Justice For Myanmar ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီနှစ်ခုသည် မုတ္တမကမ်းလွန်မှ သဘာဝဓာတ်ငွေ့ထုတ်ယူကာ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှတစ်ဆင့် ထိုင်းနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများထံ ပိုက်လိုင်းများဖြင့် ဓာတ်ငွေ့ပို့ဆောင်နေခြင်းဖြစ်သည်။

ATl ကုမ္ပဏီနှင့် MGTC ကုမ္ပဏီတို့သည် ဗြိတိန်နိုင်ငံ ပင်လယ်ရပ်ခြားနယ်မြေဖြစ်သည့် ကေမန်ကျွန်းစုနှင့် ဘာမြူဒါတို့တွင် မှတ်ပုံတင်ထားကြကြောင်း Justice For Myanmar ကဆိုသည်။

ဗြိတိန်အစိုးရက မြန်မာစစ်ကောင်စီ (စစ်ကော်မရှင်)ကို ၂၀၂၁ ခုနှစ်ကတည်းက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူထားသည်ဖြစ်ရာ လက်ရှိတွင် ဗြိတိန်နိုင်ငံပိုက်နက်နယ်မြေတွင် မှတ်ပုံတင်ထားသော ATl ကုမ္ပဏီနှင့် MGTC ကုမ္ပဏီနှစ်ခုသည် စစ်ကော်မရှင်လက်အောက်ခံ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်နေခြင်းကိုလည်း တားမြစ်သင့်ကြောင်း Justice For Myanmar က ထောက်ပြထားသည်။

Justice For Myanmar အနေဖြင့် ကေမန်ကျွန်းစုနှင့် ဘာမြူဒါကျွန်း အာဏာပိုင်များထံ ဥပဒေအရအရေးယူနိုင်ရေး တင်ပြထားခဲ့သည်မှာ ၁၈ လ ကျော်ကြာနေပြီဖြစ်သော်လည်း အရေးယူဆောင်ရွက်မှုများ ကြန့်ကြာနေကြောင်း ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုသည်။

“စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု ငါးနှစ်နီးပါးရောက်လာတဲ့အချိန်အထိ ဗြိတိသျှပင်လယ်ရပ်ခြား ပိုက်နက်နယ်မြေတွေမှာ မြန်မာစစ်အုပ်စုဆက်နွယ်ကုမ္ပဏီတွေ ဆက်လက်လည်ပတ်နေတာဟာ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး” ဟု ၎င်းကဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်တပ်က မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအပေါ် လေယာဉ်ဖြင့်ဗုံးကြဲခြင်းအပါအဝင် အမျိုးမျိုးသော ရာဇဝတ်မှုများအတွက် အခွန်ဘဏ္ဍာငွေများကို ရေနံနှင့်သဘာဝဓာတ်ငွေ့မှ အများဆုံးရရှိနေကြောင်းလည်း Justice For Myanmar ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ATl ကုမ္ပဏီနှင့် MGTC ကုမ္ပဏီတို့သည် ဓာတ်ငွေ့ပိုက်လိုင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒဿမ ၀၇၈ ဘီလီယံရရှိခဲ့ပြီး ယင်းပမာဏထဲမှ စစ်အုပ်စုထိန်ချုပ်မှုအောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၂၃၉ သန်းခန့် အခွန်ငွေပေးသွင်းထားကြောင်း Justice For Myanmar ကခန့်မှန်းထားသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းလုပ်ငန်းမှ အဆင့်မြင့်အရာရှိအချို့သည် ATl ကုမ္ပဏီနှင့် MGTC ကုမ္ပဏီတို့တွင် ဒါရိုက်တာရာထူးများ ယူထားကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။