ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီကမ်းလွန်နှင့် မြိတ်ကျွန်းစုအနီးတွင် စစ်အာဏာရှင်တပ် စစ်ရေးလေ့ကျင့်မည်

November 6, 2025

ပုံစာ - ၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့သည့် မြန်မာစစ်အုပ်စု ရေတပ်စစ်ရေးလေ့ကျင့်မှု မြင်ကွင်း။ ဓာတ်ပုံ - cincds

စစ်အာဏာရှင်တပ်က တနင်္သာရီကမ်းလွန်ဝန်းကျင်နှင့် မြိတ်ကျွန်းစုအနီး ကပ္ပလီပင်လယ်ပြင်ထဲတွင် နိုဝင်ဘာလ ဒုတိယအပတ်၌ စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ မီဒီယာများတွင် ကြေညာထားချက်အရသိရသည်။

တနင်္သာရီကမ်းလွန်ပင်လယ်ပြင် မုတ္တမကွေ့ရှိ PTTEP ကုမ္ပဏီ (ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်း) ၏ ရေနံစင်မှ ၄၈ မိုင်အကွာ၊ TOTAL ကုမ္ပဏီ (ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း) ၏ ရေနံစင်မှ ၂၄ မိုင်အကွာတွင် ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်းကို နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက် နေ့များတွင် ပြုလုပ်မည်ဟု ဆိုသည်။

ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းကိုမူ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ယင်း လေ့ကျင့်မှု ပြုလုပ်မည့်နေရာသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကဘူဇာကျွန်းနှင့် ဆယ်မိုင်ခန့်သာဝေးသည်။

မြိတ်ကျွန်းစုအနီး ရေတပ်လုံခြုံရေးလေ့ကျင်ရာတွင် ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်နက်လေ့ကျင့်ပစ်ခတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပြီး တနင်္သာရီကမ်းလွန်တွင် ပြုလုပ်မည် လေ့ကျင့်မှုတွင် မည်သို့ဆောက်ရွက်မည်ဟု ဖော်ပြထားခြင်းမရှိပေ။

စစ်ရေးလေ့ကျင့်နေစဥ် အတွင်း အဆိုပါဧရိယာ နှစ်ခု မှ ၅ မိုင်ပတ်လည်အား သင်္ဘောများ၊ စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများချထားခြင်း မပြုလုပ်ရန် စစ်အုပ်စုက သတိပေးတားမြစ်ထားသည်။

ယင်းအပြင် လေယာဉ်၊ ရဟတ်ယာဉ်များကိုလည်း အမြင့်ပေ ၁၅၀၀၀(တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုကြရန် ကြေညာချက်တွင်ပါရှိသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ရုရှားနှင့် ပူးပေါင်းကာ ကဘူဇာကျွန်း အနောက်ဘက် ၁၀ မိုင်အကွာနေရာနှင့် PETRONAS( ရဲတံခွန်သဘာ၀ဓာတ်ငွေ့ စီမံကိန်း) ရေနံစင်မှ မြောက်ဘက် ၁၀ မိုင်အကွာနေရာတို့တွင် ရေတပ်လုံခြုံရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သေးသည်။

ယင်းလေ့ကျင့်မှုသည် စစ်အုပ်စု၏ ရုရှားနှင့်ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ဒုတိယအကြိမ်ဖြစ်ပြီး ရုရှားမှ စစ်ရေယာဥ်လေးစင်း ပါဝင်လေ့ကျင့်ခဲ့သည်။

ယခုတစ်ကြိမ် ရေကြောင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်ရာတွင်မူ ရုရှားက ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။

သို့သော် မြန်မာ-ရုရှား ဗိုလ်လောင်းများသေနတ်ပစ်ပြိုင်ပွဲအတွက်ဟုဆိုကာ ယခု နိုဝင်ဘာလဆန်းတွင် ရုရှားစစ်သားများ မြန်မာနိုင်ငံ သို့ရောက်ရှိနေကြောင်း စစ်ကော်မရှင် ဝါဒဖြန့် ချန်နယ်များတွင် ဖော်ပြထားကြသည်။