BREAKING
November 6, 2025

တနင်္သာရီတိုင်းတွင် လုပ်အားခတိုးပေးသော်လည်း အလုပ်သမားခေါ်မရဟုဆို

November 6, 2025

ဓာတ်ပုံ - Dawei Watch

တနင်္သာရီတိုင်းတွင် လုပ်အားခတိုးပေးပြီး ခေါ်ယူနေသော်လည်း အလုပ်သမားရှားပါးပြီး ခေါ်ယူရခက်ခဲနေကြောင်း ဆားလုပ်ငန်းရှင်များ၊ ဥယျာဉ်ခြံလုပ်ငန်းရှင်များက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် လူငယ်၊လူရွယ်များ ဒေသတွင်နည်းပါးလာမှု၊ ဒေသပြင်ပမှ လာရောက်လုပ်ကိုင်သူ ကျဆင်းလာမှုတို့ကြောင့် အလုပ်ကြမ်းလုပ်မည့်သူ ရှားပါးလာခြင်းဖြစ်သည်။

ယင်းကြောင့် ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်စသည့် ဥယျာဉ်ခြံလုပ်ငန်းများ၊ ဆားကွင်းများ၊ ရော်ဘာပြားပွဲရုံများ၊ ကွမ်းသီးပွဲရုံများတွင် အလုပ်သမားရှားပါးလာပြီး နေ့စားခများကို တစ်နှစ်တခါ တိုးပေးကာ ခေါ်ယူနေရကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူတို့က ပြောသည်။

“မနှစ်က ဆားကွင်းနှစ်ကွင်းမှာ တစ်ကွင်းပဲလုပ်နိုင်တယ်။ အလုပ်သမားခေါ်တာမရလို့ပေါ့။ ဒီနှစ်ဈေးပိုပေးခေါ်တော့ လူတော့ရထားတယ်။ ပြည့်တော့မပြည့်သေးဘူး လိုသေးတယ်။ ဒီနှစ်တော့ ဆားကွင်းနှစ်ကွင်းလုံးဖွင့်ဖို့ လုပ်ထားတယ်” ဟု ထားဝယ်မြို့က ဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။

ဧကဆယ်ချီ၊ ရာချီရှိသည့် ရော်ဘာခြံရှင် သူဌေးများလည်း တစ်နှစ်တခါ အလုပ်သမားခေါ်ယူရ ခက်ခဲသည့် ပြဿနာရင်ဆိုင်နေရကြောင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်က ရော်ဘာခြံရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“သူဌေးခြံတွေမှာလည်း အလုပ်သမားခေါ်ရခက်တယ်၊ အခုက စစ်မှုထမ်းကြောက်လို့ ရွာမှာကိုမနေရဲကြလို့ ပင်လယ်ထဲထွက်သူထွက် ထိုင်းထွက်သူထွက်ပဲ၊ တချို့ကလဲ ရတဲ့ နေ့စားခနဲ့ ကုန်ဈေးနှုန်းမကိုက်လို့ ထိုင်းထွက်အလုပ်လုပ်ကြတာလည်းရှိတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

တနိုင်တပိုင်စိုက်ပျိုးထားသည့် ရော်ဘာခြံပိုင်ရှင်များမှာလည်း ရော်ဘာစေးကိုယ်တိုင် မခြစ်နိုင်သဖြင့် အလုပ်သမားငှားရမ်းရာတွင် အချိုးကျဝေစုပိုပေး၍ ခေါ်ယူနေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

“အရင်ကဆိုရင် ရော်ဘာပြား ၁၀ ပြားထွက်တယ်ဆိုပါစို့၊ ၁၀ ပြားထွက်ရင် ခြံရှင်က ၆ ချိုး၊ တူစားခြစ်သမားက ၄ ချိုးရတယ်၊ အဲ့နောက်ပိုင်းမှာ အလုပ်သမားရှားလာတော့ ဝေစုပိုပေးခေါ်ရတယ်၊ ခြံရှင်တစ်ဝက် တူစားခြစ်သမားက တစ်ဝက်ဖြစ်လာတယ်၊ အခုတချို့ သူဌေးခြံတွေမှာဆို အလုပ်သမားမရလို့ ၆ အချိုး ၄ ဖြစ်လာတယ်၊ တူစားခြစ်သမားက ၆ ပုံ၊ ခြံရှင်က ၄ ပုံပေါ့၊ ပြောင်းပြန်ဖြစ်လာတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ခြံရှင်းလင်းခ(တောထွင်ခ)မှာလည်း တစ်နှစ်တစ်ခါ တိုးပေးနေရသော်လည်း အလုပ်သမားရှားပါးပြီး ခေါ်ယူရခက်ခဲသည့် ပြဿနာမှာ နှစ်တိုင်း ကြုံနေရသည်ဟု ထားဝယ်မြို့နယ် အရှေ့တောဒေသ ဝကုန်းရွာက ကွမ်းသီးခြံရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“တောထွင်ခက တစ်ရက်ခြောက်သောင်းပေးရတယ်၊ အဲ့ဒါတောင် မျက်နှာငယ်ငယ်နဲ့ လိုက်ခေါ်ရတယ်အမရေ၊ နည်းနည်းလောက် လာလုပ်ပေးပါဆိုပြီး အောက်ကျနောက်ကျ ခေါ်ရတာ၊ သူတို့လာလုပ်ပေးမယ့်အချိန်ထိ ကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်နေရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

သရက်ချောင်းမြို့နယ်က ကွမ်းသီးအဝယ်တော်အမျိုးသမီးကလည်း ကွမ်းသီးခြံအလုပ်သမား ခေါ်ယူရခက်ခဲပြီး အလုပ်သမားရှားပါးသဖြင့် နေ့စားခကို တိုးပေး၍ ခေါ်ယူနေရသည်ဟု ဆိုသည်။

“ကွမ်းသီးခြံတွေကို နှစ်စားလည်းဝယ်တယ်၊ နှစ်စားဝယ်ရင် ခူးတဲ့သူ၊ ခွဲသူ၊ လှမ်းသူတွေလိုတယ်လေ။ ကုန်ဈေးနှုန်းအခြေနေပေါ်မူတည်ပြီး နေ့စားခတိုးပြီးခေါ်ရတယ်။ ဒါတောင်ကိုယ်လိုတိုင်း မရဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ဥယျာဉ်ခြံတောထွင်ခမှာ လူသီးသန့်ဈေးမှာ တစ်ရက် ၂၅၀၀၀ ဖြစ်ပြီး စက်သုံးဆီနှင့် လူလုပ်အားအပြီးစီး ခုတ်ထွင်ရှင်းလင်းခမှာ တစ်ရက်ကို ၄၅၀၀၀ ရှိသည်ဟု ဒေသခံများက ပြောသည်။

အချို့ကျေးရွာများတွင် အလုပ်သမားခေါ်ယူရခက်သဖြင့် ဥယျာဉ်ခြံတောထွင်ခမှာ တစ်ရက် ၃၅၀၀၀ မှ ၄၀၀၀၀ အထိ ယူပြီး စက်သုံးဆီနှင့် လူလုပ်အားအပြီးအစီးဆိုလျှင် ၆၀၀၀၀ ကျပ်ရှိသည်ဟု သိရသည်။

ဆားကွင်းလုပ်ငန်းတွင် မနှစ်က နေ့စား အမျိုးသား အလုပ်ကြမ်းသမားတစ်ဦး၏ နေ့စားခမှာ တစ်ရက် ကျပ် ၂၀၀၀၀၊ အမျိုးသမီး ၁၈၀၀၀ ကျပ်ရှိပြီး ယခုနှစ်တွင် အမျိုးသားလုပ်အားခမှာ ၂၅၀၀၀ ကျပ်၊ အမျိုးသမီး လုပ်အားခမှာ ၂၀၀၀၀ ဖြစ်လာသည်ဟု ဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စီးပွားရေးကျပ်တည်းမှုကြောင့် ဝင်ငွေထွက်ငွေမမျှဖြစ်လာသည့်အတွက် လုပ်အားခ ပိုရသည့် ပြည်ပ(ထိုင်းနိုင်ငံ)ထွက် ရွေ့ပြောင်း အလုပ်လုပ်သူများလာသဖြင့် ဒေသတွင်းမှာ အလုပ်သမားရှားပါးခြင်း၊ လူငယ်လူရွယ်များမှာ ဖမ်းဆီးခံရမည်စိုး၍ ပြည်ပသို့ထွက်ခွာကြခြင်း၊ ဒေသတွင်းတိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် တိုင်းပြင်ပမှ လာရောက်လုပ်ကိုင်သူ နည်းလာခြင်း စသည်တို့ကြောင့် အလုပ်သမားခေါ်ယူရခက်လာကာ ဈေးပိုပေးခေါ်ယူရခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။