ထားဝယ်ဒေသ၏ ယခုနှစ် ကထိန်ရာသီတွင် ငါးနှင့် ပုစွန်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ထားဝယ်ရေထွက်ကုန် ပစ္စည်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ပြီးခဲ့သည့်စက်တင်ဘာလ တတိယပတ်က ငါးကွန်းရှပ်တစ်ပိဿာ ၂၃၀၀၀ကျပ်မှ ကထိန်ခင်းအလှူရာသီဖြစ်သည့် အောက်တိုဘာလ ပထမပတ်တွင် ၄၀၀၀၀ကျပ်၊ ငါးမဲလုံးငါးတစ်ပိဿာ ၆၅၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ ဖိုးထော်မဲငါး တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အဖြစ် နှစ်ဆနီးပါးဈေးမြင့်တက်သွားကြောင်း ရေထွက်ကုန်ရောင်းဝယ်သူအချို့ထံမှ သိရသည်။
ထို့အပြင် ပုစွန်တစ်ပိဿာ ၄၀၀၀၀ ကျပ်စျေးရှိရာမှ ယခု ကထိန်အလှူရာသီတွင် ၅၅၀၀၀ ကျပ် ဖြစ်လာပြီး တစ်ပိဿလျှင် ၁၅၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
အလှူအတွက် ဝယ်ယူသူများ၍ ငါး၊ ပုစွန်ဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ အောင်တံခွန်ငါးဈေးရှိ ရေထွက်ကုန်လက်လီ/လက်ကားရောင်းချသူအမျိုးသမီးတစ်ဦးက ပြောသည်။
“ငါးပုစွန်တွေ အဝင်က ပုံမှန်ပါပဲ။ အခုက အလှူရာသီလည်းဖြစ်တော့ ပုံမှန်ရောင်းရတာထက် ပိုရောင်းရတယ်” ဟု ၎င်းက ဆိုသည်။
ထားဝယ်ဒေသရှိ ကထိန်ခင်းအလှူအချို့တွင် ဧည့်သည်ပရိသတ်များကို နံနက်ပိုင်း၌ လက်ဖက်ရည်နှင့် ထားဝယ် မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိသည်။
ထားဝယ်မုန့်ဟင်းခါးချက်ရာတွင် အသုံးပြုသည့် ကျင်မုဒွန်းငါးမှာ စက်တင်ဘာလ တတိယပတ်တွင်း တစ်ပိဿာ ၁၇၀၀၀ ကျပ်မှ ကထိန်အလှူရာသီတွင် ၂၈၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ကထိန်ရာသီအတွင်း တစ်ပိဿာလျှင် ၁၁၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့၊ ကမ်းနားဈေးတွင် ရေထွက်ကုန် လက်လီ/လက်ကားရောင်းချသူ အမျိုးသား တစ်ဦးက ပြောသည်။
“အလှူငါးတွေ ဈေးတက်တာပေါ့နော်။ ပုံမှန်ထက် အရောင်းအဝယ်ပို ကောင်းတဲ့လာလို့ ပြောလို့ရတယ်” ဟု ၎င်းက ဆိုသည်။
ကထိန်ရာသီ တစ်လတာအတွင်း ထားဝယ်ဒေသရှိ ကျေးရွာအများစုတွင် ကထိန်အလှူများ နေ့စဉ်နီးပါးရှိခြင်းကြောင့် ကျွေးမွေးဧည့်ခံရန် ငါး၊ ပုစွန်များကို ပုံမှန် လများထက် ဝယ်ယူမှု ပိုများလေ့ရှိကြောင်း ရေထွက်ကုန်ရောင်းချသူအချို့က ပြောဆိုသည်။
ရေထွက်ကုန်များအပြင် အသားဈေးနှုန်းများမှာလည်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။
ကြက်သားတစ်ပိဿာ ၂၂၀၀၀ကျပ်နှင့် ဝက်သားတစ်ပိဿာ ၃၅၀၀၀ ကျပ် ရှိနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။
အောက်တိုဘာလ ၄ ရက်ကမူ ကြက်သားတစ်ပိဿာ ၂၀၀၀၀ ကျပ်နှင့် ဝက်သားတစ်ပိဿာ ၃၂၀၀၀ကျပ်ခန့်သာ ရှိသေးကြောင်း ဝက်သားရောင်းသူအချို့ထံမှ သိရသည်။