၂၀၂၅ ခုနှစ်အတွက် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဂျပန်သုတေသီတစ်ဦးနှင့် အမေရိကန်သုတေသီနှစ်ဦး ပူးတွဲရရှိသည်။
ခန္ဓာကိုယ်အတွင်းရှိ ကျန်းမာသည့် ဆဲလ်များကို မထိခိုက်စေဘဲ အန္တရာယ်ရှိ ရောဂါပိုးများကို လူ့ကိုယ်ခံအားစနစ်က တိုက်ခိုက်ပုံကို တွေ့ရှိခဲ့မှုကြောင့် အဆိုပါဆုကို ချီးမြှင့်ခြင်းဖြစ်သည်။
ပူးတွဲဆုလက်ခံရရှိခဲ့သည့် သုတေသီသုံးဦးမှာ အမေရိကန်နိုင်ငံ၊ Institute for Systems Biology မှ အကြီးတန်း ပရိုဂရမ် မန်နေဂျာတစ်ဦးဖြစ်သူ အသက် ၆၄ နှစ်ရှိ Mary E Brunkow၊ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် Sonoma Biotherapeutics ကုမ္ပဏီအတွက် သိပ္ပံဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်သူ အသက် ၆၄ နှစ်ရှိ Fred Ramsdell နှင့် ဂျပန်နိုင်ငံ၊ အိုဆာကာ တက္ကသိုလ်၊ Immunology Frontier Research Center မှ ထင်ရှားသည့် ပါမောက္ခတစ်ဦးဖြစ်သူ အသက် ၇၄ နှစ်ရှိ Shimon Sakaguchi တို့ ဖြစ်သည်။
ဆေးပညာဆိုင်ရာ နိုဘယ်ဆုအတွက် ဆွီဒင် ခရိုနာငွေ ၁၁ သန်း (စတာလင်ပေါင် ၈၇၀,၀၀၀) ကို ၎င်းတို့ သုံးဦး ပူးတွဲလက်ခံရရှိမည် ဖြစ်သည်။
အဆိုပါ သုတေသီသုံးဦးသည် လူ့ကိုယ်ခံအားစနစ်အတွင်းရှိ ခန္ဓာကိုယ်ကို တိုက်ခိုက်နိုင်သည့် အစိတ်အပိုင်းများကို ဖယ်ရှားပေးသည့် အရာများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ခန္ဓာကိုယ်၏ ခုခံအားစနစ်က ၎င်း၏ ကျန်းမာသောဆဲလ်များနှင့် တစ်ရှူးများကို မှားယွင်းတိုက်ခိုက်သောအခါတွင် ဖြစ်ပွား လေ့ရှိသည့် Autoimmuneရောဂါများနှင့် ကင်ဆာရောဂါကုသရေးတွင် ၎င်းတို့၏ တွေ့ရှိချက်ကို အသုံးပြုနေသည်။
“သူတို့ရဲ့ တွေ့ရှိချက်တွေက ကိုယ်ခံအားစနစ် ဘယ်လိုအလုပ်သလဲဆိုတာရယ်၊ ကျွန်တော်တို့အားလုံးမှာ autoimmune ရောဂါတွေ ဘာကြောင့် မဖြစ်ကြတာလဲ ဆိုတာကို ရှင်းရှင်းနားလည်စေခဲ့ပါတယ်” ဟု နိုဘယ်ဆုကော်မတီ ဥက္ကဋ္ဌဖြစ်သူ Olle Kämpe က ပြောသည်။
“သူတို့ရဲ့ တွေ့ရှိချက်တွေက သုတေသန နယ်ပယ်သစ်တစ်ခုအတွက် အုတ်မြစ်ချပေးခဲ့သလို ကုသနည်းအသစ်တွေ ပေါ်လာဖို့လည်း လှုံ့ဆော်ပေးနိုင်ခဲ့တယ်။ ဥပမာ -ကင်ဆာနဲ့ autoimmune ရောဂါတွေအတွက်ပါ” ဟု နိုဘယ်ဆုကော်မတီက ဆိုသည်။
Source: BBC ၊ Associated Press