BREAKING
November 25, 2025

သဲချောင်းကြီးရွာ တိုက်လေယာဉ်ဖြင့်ဗုံးကြဲမှု ကလေးတစ်ဦးအပါအဝင် အရပ်သားလေးဦးဒဏ်ရာရ

October 6, 2025

ပုံစာ - တိုက်လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်။ ဓာတ်ပုံ - KNU

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ သဲချောင်းကြီးရွာကို အောက်တိုဘာလ ၅ရက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် မိန်းကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦးဒဏ်ရာပြီး နေအိမ်နှစ်လုံး ပျက်စီးကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) က သတင်းထုတ်ပြန်သည်။

စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် အသက် ၉၁နှစ်အရွယ် အဘွားအို ဒေါ်ကျင်အေး၊ အသက် ၅၀အရွယ် ဒေါ်မာမာ၊ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၅၈ နှစ်အရွယ် ဦးစို့တို့ ထိခိုက်ဒဏ်ရာရကြောင်း ယနေ့ အောက်တိုဘာလ ၆ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဘွား ဒေါ်ကျင်အေးသည် ဒဏ်ရာပြင်းထန်ပြီး ခြေတစ်ဖက် ဖြတ်တောက်လိုက်ရကြောင်း တောင်ပျောက်တိုက်နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ စစ်ရေးလှုပ်ရှားမှုလည်း မရှိဘဲ ဗုံးလာကြဲသွားတာ။ အသက် ၉၀ ကျော် အဘွားကတော့ ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရတယ်လို့ ပြောရမယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ ကျေးရွာအတွင်း ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

တောင်ပျောက်တိုက်နယ်အတွင်းရှိ သဲချောင်းကြီး၊ ကျွဲခြံ၊ ဝင်းကဖော်ရွာများကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်လေ့ရှိသည်။