BREAKING
October 18, 2025

တနင်္သာရီ ကမ်းတိုရွာတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်

October 6, 2025

ပုံစာ-တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ဇုန် ၃ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - တနင်္သာရီမြို့နယ် ပကဖ ဇုန် ၃

တနင်္သာရီမြို့နယ်၊ ကမ်းတို‌ရွာဟောင်းဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် တော်လှန်ရေးတပ်ဘက်က ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာလ ၃ရက် နံနက် ၆နာရီခွဲဝန်းကျင်တွင် စစ်အာဏာရှင်တပ်က ကမ်းတိုရွာဘက်မှ ကမ်းတိုရွာဟောင်းဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားရာ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် (၃) က ရဲဘော်ဖေမြင့် သေဆုံးကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နံနက် ၆နာရီခွဲဝန်းကျင်မှ နေ့လယ် ၁၂နာရီခွဲအထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြပြီး စစ်အာဏာရှင်တပ်သားများက တိုက်ပွဲဖြစ်သည့် ဧရိယာမှ အနောက်သို့ အနည်းငယ်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အနီးကပ် ချ(တိုက်)ကြတယ်။ ရဲဘော် တစ်ယောက်ကျသွားတယ်။ သူတို့ဘက်ကလည်း အထိနာကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများနှင့် သေဆုံးသွားသည့်စစ်အာဏာရှင်တပ်သားများကို ဥယျာဥ်ခြံများထဲမှ ပြည်ထောင်စုလမ်းမပေါ် သို့ ထမ်းထုတ်လာသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့သူ၏ ပြောဆိုချက်ကိုကိုးကားပြီး ဒေသခံတစ်ဦးက ပြောဆိုသည်။

“အချို့ကလည်း ဆေးဘူးချိတ်ပြီး ပါလာသူတွေလည်း ရှိတယ်။ ဝါးလုံးမှာ ပုခက်ချည်ပြီး ထမ်းလာကြတယ်။ လမ်းမကြီး ဘက်ကို ပြန်သယ်လာပြီး မြိတ်ကို ကားနဲ့သယ်သွားကြတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပြီး ညနေဘက်တွင် တိုက်ပွဲဖြစ်နေသည့် ဧရိယာအနီးရှိ စစ်အာဏာရှင်တပ်ထံ ညောင်ပင်ကုန်းရွာတွင် တပ်စွဲထား သည့် စစ်အာဏာရှင်တပ်သား အင်အား တစ်ရာဝန်းကျင် ထပ်ဖြည့်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။

အောက်တိုဘာလ ၃ရက် နောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

စက်တင်ဘာလ ၅ရက်တွင် စစ်အာဏာရှင်၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းက ကမ်းတိုရွာဟောင်းနှင့် မော်တုန်းရွာ အနောက်ဘက်ကို လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်ခဲ့ပြီး ထိခိုက်မှု မရှိကြောင်း ‌‌ဒေသခံများထံမှ သိရသည်။