ဒီနေ့မှာတော့ ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးဖိုက်တာကြီး အောင်လအန်ဆန်းဆီကို အထူးဧည့်သည်တော်တစ်ယောက် ရောက်ရှိလာခဲ့ပါပြီ။ အဲ့ဒီပုဂ္ဂိုလ်ကတော့ သံမဏိ ရော့ထန် ပါပဲ။
ရော့ထန်ကို အောင်လအန်ဆန်းက ညီအစ်ရင်းတစ်ယောက်ပမာ ခင်မင်သလို ရော့ထန်ကလည်း အောင်လအန်ဆန်းကို အစ်ကိုရင်းတစ်ယောက်အဖြစ် သဘောထားချစ်ခင်ပါတယ်။
ပွဲထိုးတဲ့နေ့ကလည်း ရော့ထန်ဟာ သူ့အစ်ကိုကြီး အောင်လအန်ဆန်းကို “”ကျွန်တော်တို့ နှစ်ယောက် သိကျွမ်းခဲ့တဲ့ ၇ နှစ်တာ ကာလပတ်လုံး ခင်ဗျားကို ကျွန်တော့်ရဲ့ အစ်ကိုကြီးတစ်ယောက်အဖြစ် အမြဲတမ်း လေးစားခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ ထာဝရ ညီအစ်ကိုတွေပါ။ ဒီနေ့ဟာ ခင်ဗျားရဲ့ ပွဲစဉ်ကို ကျွန်တော်တို့ နောက်ဆုံး မြင်တွေ့ရမယ့်နေ့ပါပဲ။ အချိန်တွေ ဘယ်လိုပဲ ကုန်ဆုံးသွားပါစေ၊ ခင်ဗျားဟာ ကျွန်တော့်ရဲ့ အစ်ကိုကြီးအဖြစ် အမြဲတမ်း ရှိနေမှာပါ။ ခင်ဗျားရဲ့ဘဝတစ်လျှောက်လုံး ကောင်းမွန်တဲ့အရာတွေနဲ့ ပြည့်စုံပါစေ၊ ခင်ဗျားရဲ့ ချစ်စရာကောင်းတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ပြီးတော့ တစ်နေ့နေ့မှာ ကျွန်တော်တို့ ပြန်ဆုံတွေ့ပြီး အတူတူ ရယ်မောကြဦးမယ် အစ်ကိုကြီး”လို့ Post ရေးသားလွှင့်တင်ပြီး အားပေးခဲ့ပါတယ်။
ဒီနေ့မှာတော့ ရော့ထန်က သူ့ရဲ့သားလေးကိုပါ ခေါ်ဆောင်လာခဲ့ပြီး အောင်လအန်ဆန်းနဲ့ ပေးတွေ့ခဲ့ပါတယ်။ ရော့ထန်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဆီက အောင်လအန်ဆန်းရဲ့ဖခင် ဖွင့်လှစ်ထားတဲ့ ကချင်ရိုးရာစားသောက်ဆိုင်ဆီကိုလာရောက်ပြီး အောင်လအန်ဆန်းနဲ့ တွေ့ဆုံသွားခဲ့တာဖြစ်ပါတယ်။
အောင်လအန်ဆန်းကလည်း ရော့ထန်ရဲ့သားလေးကို ချစ်ခင်စွာ ပွေ့ချီပြီး ဖိုက်တာညီအစ်ကိုနှစ်ယောက် လာမယ့် ONE 173 ပြိုင်ပွဲကြီးကိုရောက်ရင် ရော့ထန်ထိုးရမယ့်ပွဲစဉ်အကြောင်းလည်း အပြန်အလှန် အမြင်တွေ ဖလှယ်ခဲ့ကြပါတယ်။







